ချင်းဒုက္ခသည်များ ပြန်ပို့ရေး အစီအစဉ် ရုတ်သိမ်းဖို့ တောင်းဆို


2018.11.24
unhcr-meet-chin-leaders-622.jpg UNHCR တာဝန်ရှိသူတွေနဲ့ ရန်ကုန်အခြေစိုက် ချင်းမျိုးနွယ်စု ခေါင်းဆောင်များ ၂၀၁၈၊ နိုဝင်ဘာ ၂၄ ရက်နေ့က ရန်ကုန်မြို့ရှိ UNHCR ရုံးမှာ တွေ့ဆုံစဉ်
Photo: Salai Isaac Khen

ချင်းလူမျိုး ဒုက္ခသည်တွေကို ၂၀၂၀ ခုနှစ်ကစပြီး ဒုက္ခသည်အဖြစ် နိုင်ငံရေးခိုလှုံခွင့်ပြုထားတာကို ရပ်ဆိုင်းမယ့် UNHCR ဆုံးဖြတ်ချက်ကို ပြန်လည်ရုပ်သိမ်းသင့်ကြောင်းနဲ့ ချင်းလူမျိုးဒုက္ခသည်တွေရဲ့ စိတ်ဆန္ဒကိုသာ လိုက်လျောပေးသင့်ကြောင်း ရန်ကုန်မြို့က UNHCR တာဝန်ရှိသူတွေကို ချင်းမျိုးနွယ်စု ခေါင်းဆောင်တွေ၊ ချင်းအရပ်ဖက်အဖွဲ့တွေနဲ့ ဒေသခံတချို့က ဒီနေ့ တောင်းဆိုလိုက်ပါတယ်။

UNHCR ရန်ကုန်ရုံး တာဝန်ရှိသူတွေက ဖိတ်ကြားတာကြောင့် သွားရောက်ဆွေးနွေးတာဖြစ်ပြီး ချင်းပြည်နယ်က လက်ရှိမြေပြင်အခြေအနေနဲ့ ချင်းဒုက္ခသည်အရေးကို တင်ပြတောင်းဆိုခဲ့တာ ဖြစ်တယ်လို့ ဒီနေ့ တေ့ွဆုံပွဲမှာ ပါဝင်ခဲ့တဲ့ ပလက်ဝမြို့ခံ ကိုပီတာလွယ်လူးက ပြောပါတယ်။

ချင်းပြည်နယ်မှာ နယ်မြေအေးချမ်းတည်ငြိမ်နေပြီဖြစ်တဲ့အတွက် မလေးရှားနဲ့ အိန္ဒိယနိုင်ငံတွေမှာ ရောက်နေတဲ့ ချင်းလူမျိုး ဒုက္ခသည်တွေကို အကာအကွယ်ပေးဖို့ မလိုအပ်တော့ဘူးဆိုပြီး ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့အထိသာ နေခွင့်ပြုတော့မယ်လို့ UNHCR က ပြီးခဲ့တဲ့ဇွန်လက ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

UNHCR က ၂၀၁၅ ခုနှစ်က ကွင်းဆင်းစစ်ဆေးကောက်ယူခဲ့တဲ့ စစ်တမ်းပေါ်မှာ အခြေခံပြီး အဲဒီလို ဆုံးဖြတ်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီဆုံးဖြတ်ချက်အပေါ် ချင်းနိုင်ငံရေးပါတီတွေ၊ ချင်းအရပ်ဖက်အဖွဲ့တွေ၊ ချင်းမျိုးနွယ်စုခေါင်းဆောင်တွေနဲ့ မလေးရှားမှာ ရောက်ရှိနေတဲ့ ချင်းလူမျိုးတွေက ကန့်ကွက်နေကြတာဖြစ်ပါတယ်။

၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး နေရပ်ပြန်ကြဖို့ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က ဆုံးဖြတ်လိုက်ပေမယ့် ချင်းဒုက္ခသည်တွေကို ပြန်လည်လက်ခံဖို့ မြန်မာအစိုးရဘက်မှာ အဆင်သင့်မဖြစ်သေးသလို မလေးရှားနဲ့ အိန္ဒိယကို ရောက်ရှိနေကြတဲ့ ချင်းတိုင်းရင်းသားတွေကလည်း နေရပ်ပြန်ဖို့ မဖြစ်နိုင်ဘူးလို့ ပြောကြပါတယ်။

ဒီနေ့ တေ့ွဆုံရာမှာ ပါဝင်ခဲ့တဲ့ ပလက်ဝမြို့ခံ ကိုပီတာလွယ်လူးက UNHCR အနေနဲ့ ချင်းဒုက္ခသည်တွေအရေးနဲ့ ပတ်သက်လို့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာစံနှုန်းတွေ၊ လူ့အခွင့်အရေးစံနှုန်းတွေနဲ့အညီ ဆောင်ရွက်သင့်ကြောင်း တင်ပြခဲ့တယ်လို့ ပြောပါတယ်။

"ကမ္ဘာပေါ်မှာ လက်ရှိစံနှုန်းအနေနဲ့ လုပ်မယ်ဆိုရင် လူသားချင်းစာနာမှု၊ လူ့အခွင့်အရေးကိစ္စတွေနဲ့ ဆောင်ရွက်စေချင်တယ်၊ ဖြစ်ကတတ်ဆန်း မလုပ်ဘဲနဲ့ တကယ့်စစ်တမ်းပြန်ကောက်ပြီးတော့ အခုလက်ရှိ ကျနော်တို့ ချင်းပြည်နယ် ပလက်ဝမြို့မှာ တိုက်ပွဲတွေဖြစ်နေတယ်၊ ဒုက္ခသည်တွေ အများကြီးရှိတယ်၊ ဒီကိစ္စကို အဓိက ထောက်ပြချင်တယ်၊ အဲ့ဟာတွေ ထောက်ထားပြီးတော့ တချို့သွားချင်တဲ့သူတွေ ဟိုဘက်ကို အခွင့်အလမ်း အကူအညီတွေပေးဖို့ လိုတယ်၊ အဲ့ဒါကြောင့် UN ရဲ့ ထုတ်ပြန်ချက်ကို ပြန်လည်ရုပ်သိမ်းဖို့လိုတယ်၊ မရုပ်သိမ်းရင်လည်း ဘယ်လို ဖြေရှင်းမလည်းဆိုတာကို ကျနော်တို့က ဖြေရှင်းပေးစေချင်တယ်၊ နောက်ပြန်လာမယ်ဆိုရင်လည်း မှတ်ပုံတင်မရှိတဲ့သူတွေကို မှတ်ပုံတင် ပြန်ထုတ်ပေးတာတို့ လုပ်ပေးစေချင်တယ်၊ နောက်မှ သူတို့ကို ဖမ်းတာဆီးတာတွေ မလုပ်အောင် ဖြစ်စေချင်တဲ့ဆန္ဒ ရှိပါတယ်"

UNHCR ဟာ ၂၀၁၅ ခုနှစ်က ကွင်းဆင်းကောက်ယူထားတဲ့ စစ်တမ်းအရ ချင်းပြည်နယ်မှာ နယ်မြေ တည်ငြိမ်အေးချမ်းနေပြီဖြစ်တာကြောင့် ချင်းဒုက္ခသည်တွေကို နေရပ်ပြန်စေချင်တာ ဖြစ်တယ်လို့ သိရပါတယ်။ အဲဒီဆုံးဖြတ်ချက်အပေါ် ပြန်လည်ရုပ်သိမ်းပေးဖို့ဆိုပြီး ချင်းလူမှုအဖွဲ့အစည်းတွေက အောက်တိုဘာလအတွင်းက ဆွစ်ဇာလန်နိုင်ငံမှာရှိတဲ့ UNHCR ရုံးချုပ်ကို အစီရင်ခံစာ တင်ပြခဲ့ကြပါသေးတယ်။

မလေးရှားနဲ့ အိန္ဒိယ ရောက်ရှိနေတဲ့ ချင်းလူမျိုးတွေ ကိုင်ဆောင်ထားတဲ့ ဒုက္ခသည်အသိအမှတ်ပြု ကတ်တွေကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလကုန်အထိသာ နေခွင့်ပြုဖို့ UNHCR ဆုံးဖြတ်ချက်ချပြီးနောက်   မလေးရှားနိုင်ငံမှာ ဒုက္ခသည်ကတ် ပြန်လည်ရုပ်သိမ်းခံရသူ ၄၀၀ ကျော် ရှိနေပြီလို့ သိရပါတယ်။ ဒုက္ခသည်ကတ်တွေ အဲဒီလို ပြန်လည်သိမ်းယူတဲ့အပေါ် မကျေနပ်ကြဘူးလို့လည်း ချင်းဒုက္ခသည်အရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။

မလေးရှားအခြေစိုက် Alliance of Chin Refugees အဖွဲ့က ကိုမုန်ခတ် က UNHCR အနေနဲ့ ချင်းလူမျိုး ဒုက္ခသည်တွေ တည်ရှိမှုကို တိုင်ပင်ဆွေးနွေးခြင်းမရှိဘဲ တစ်ဖက်သတ် ဆုံးဖြတ်ထားတဲ့အတွက် လက်မခံကြောင်း ပြောပါတယ်။

"ဒုက္ခသည်ဆိုတဲ့ အထောက်အထားတွေကို ကျနော်တို့ကိုလည်း မတိုင်ပင်ဘူး၊ မြန်မာအစိုးရကိုလည်း မတိုင်ပင်ဘဲနဲ့ ချင်းတွေဒုက္ခသည် မဟုတ်ပါဘူးဆိုပြီး ဒုက္ခသည်ဆိုတာ ဖျက်သိမ်းလိုက်တယ်ဆိုတဲ့ဟာက ဘယ်လိုမှ လက်ခံလို့မရတဲ့ဟာဖြစ်တယ်၊ UN ကရော အပြည်ပြည်ဆိုင်ရာကရော မြန်မာနိုင်ငံ အစိုးရ ကိုယ်တိုင်က ချင်းဒုက္ခသည်ရှိတယ်ဆိုတဲ့ဟာကို တရားဝင် ကမ္ဘာကရော အားလုံးသိအောင် တာဝန်ယူ ဖြေရှင်းဖို့အတွက် ဒုက္ခသည်တွေကို အကာအကွယ်ပေးတဲ့ ဥပဒေမျိုးကို တိုက်ပွဲဝင်ဖို့ ပြင်ဆင်ထားတယ်၊ လုပ်လည်းလုပ်နေပါတယ်"

ချင်းဒုက္ခသည်တွေ နေရပ်ပြန်လာဖို့ ဘာတွေက အခက်အခဲဖြစ်နေတာလဲ၊ ဘာတွေကို စိုးရိမ်ပူပန်နေတာလဲ။

ချင်းပြည်နယ်ဟာ မြန်မာနိုင်ငံက တိုင်းနဲ့ ပြည်နယ်တွေထဲမှာ အဆင်းရဲဆုံးဖြစ်ပြီး အလုပ်အကိုင် အခွင့်အလမ်း ရှားပါးမှုကလည်း အဓိက ပြဿနာဖြစ်နေပါတယ်။

လက်ရှိ အစိုးရအဖွဲ့အနေနဲ့ ချင်းဒုက္ခသည်တွေ နေရပ်ပြန်လာနိုင်အောင် အလုပ်အကိုင် အသက်မွေးဝမ်းကျောင်း စတဲ့ ခိုင်မာတဲ့ အာမခံချက်တွေ ပေးနိုင်တဲ့ အခြေအနေမျိုးလည်း မရှိဘူးလို့ ဒေသအာဏာပိုင်တွေက RFA ကို ပြောပါတယ်။

ဒါနဲ့ပတ်သက်ပြီး ချင်းပြည်နယ် လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင်ထန်က အခုလိုပြောပါတယ်။

"အစိုးရအနေနဲ့လည်းပဲ သူတို့ပြန်လာမှ လုပ်ပေးနိုင်တာကို လုပ်ပေးနိုင်မှာပေါ့။ တစ်ဘက်မှာလည်း မြေနေရာပေးတာ မြေကွက်ချပေးတာလောက်ကလွဲရင် အစိုးရအနေနဲ့ အသေးစိတ်ဘာမှ လုပ်ပေးနိုင်မဟုတ်ဘူး။ ကျနော်အမြင်တော့ဘာမှမရှိဘူး။ ဒီမှာလည်း ပြန်လာရင် ဒီလောက် စနစ်တကျထားနိုင်မှာမဟုတ်ဘူး။ ဟိုအရင်တုန်းက ပြန်လာရင်ဖမ်းမှာ သူတို့ကြောက်နေတယ် အဲတာတော့ ခုမရှိတော့ဘူး။ လွတ်လွတ်လပ်လပ်ပဲ ပြန်လက်ခံမယ်။ နေစရာမြေပေးဆိုရင် ကျေးရွာအလိုက်ပေါ့။ သူတို့က ဘယ်မြို့ကလည်း ဘယ်နေရာက သွားတာလည်း ပြန်စစ်ဆေးပြီး နေဖို့ထိုင်ဖို့ကတော့ မြေနေရာချပေးတာတွေ လုပ်ပေးလို့ရတယ်။ ကျနော်တို့က သူတို့အတွက် အာမခံချက်ဘာမှလုပ်မပေးနိုင်ဘူး။ သဘောက အလုပ်အကိုင်ရရှိရေး အလုပ်အကိုင် အခွင့်အလမ်းက အစပေါ့ အများကြီးလိုသေးတယ် "

ဒါ့အပြင် ပြီးခဲ့တဲ့ နှစ်နှစ်လောက်ကစပြီး ပလက်ဝမြို့နယ်ဘက်မှာ AA နဲ့ မြန်မာ့တပ်မတော်တို့ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားလာတာကလည်း ချင်းဒုက္ခသည်တွေ နေရပ်ပြန်မလာနိုင်တဲ့ စိုးရိမ်မှုတွေထဲက တစ်ချက်ဖြစ်နေပါတယ်။

လက်ရှိ မလေးရှားနဲ့ အိန္ဒိယနိုင်ငံမှာ ချင်းတိုင်းရင်းသား ၆ သောင်းဝန်းကျင်ရှိနေပါတယ်။

UNHCR ရဲ့ ဆုံးဖြတ်ချက်အရ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး နေရပ်ပြန်ပို့မယ့် ချင်းဒုက္ခသည် အရေအတွက်ကိုတော့ အတိအကျ မသိရသေးပါဘူး။

တကယ်လို့ နေရပ်ပြန်မလာချင်တဲ့ ချင်းတိုင်းရင်းသားတွေအနေနဲ့ နိုင်ငံတကာရဲ့ အကာအကွယ်ပေးမှု ဆက်လက်လိုအပ်တဲ့အကြောင်း UNHCR ထံ တင်ပြပြီး မေးမြန်းမှု ခံယူခွင့်ရှိပေမယ့် ဆက်နေထိုင်ခွင့် ရှိ မရှိ၊ တခြားနိုင်ငံ ထွက်ခွာဖို့နဲ့ မြန်မာပြည်ပြန်ဖို့ စတာတွေကိုတော့ UNHCR က ဆုံးဖြတ်မှာဖြစ်တယ်လို့ သိရပါတယ်ရှင်။

ဒီသတင်းကို RFA သတင်းထောက် မဇင်မာဝင်း ပေးပို့ထားတာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။