ကလေးစစ်သား ၄၂ ဦး မိဘထံ ပထမဆုံးအကြိမ် လွှဲပြောင်းပေးအပ်ပွဲ ကျင်းပ

မြန်မာ့တပ်မတော်ထဲမှာ အရွယ်မရောက်သေးဘဲ စစ်မှုထမ်းနေတဲ့ ကလေးစစ်သား ၄၂ ဦးကို စစ်တပ် အရာရှိကြီးတွေကိုယ်တိုင် ကုလသမဂ္ဂ အဖွဲ့အစည်းတွေရဲ့ ရှေ့မှောက်မှာ အုပ်ထိန်းသူ မိဘတွေထံ ပထမဆုံးအကြိမ် လွှဲပြောင်းပေးအပ်ပွဲကို ရန်ကုန်တိုင်း လှိုင်မြို့နယ်၊ ဘုရင့်နောင် လမ်းမကြီးပေါ်မှာရှိတဲ့ အမှတ် (၁) စစ်ကြောရေးနဲ့ တည်းခိုရေးစခန်းမှာ ဒီကနေ့ မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။
2012.09.03
child-soldier-handover-b305 ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၃ ရက်က ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ ဘုရင့်နောင်လမ်းမကြီးပေါ်ရှိ အမှတ် (၁) စစ်ကြောရေးနှင့် တည်းခိုရေးစခန်းတွင် ကလေးစစ်သားများအား မိဘ အုပ်ထိန်းသူထံ ပြန်လည် အပ်နှံသည့် အခမ်းအနား ကျင်းပနေစဉ်။
RFA

အခုလို ကလေးစစ်သားတွေကို စစ်တပ်က နှုတ်ထွက်ခွင့်ပြုရတာနဲ့ ပတ်သက်လို့ ကာကွယ်ရေး ဝန်ကြီးဌာနက တွဲဖက်စစ်ရေးချုပ် ဗိုလ်ချုပ်တင်မောင်ဝင်းက လွှဲပြောင်းပေးအပ်ပွဲမှာ အခုလို ပြောကြားခဲ့ပါတယ်။

"ဒီအခမ်းအနားမှာ အရွယ်မရောက်သေးသူ ကလေးသူငယ် ၄၂ ဦးကို တပ်မတော်မှ နှုတ်ထွက်ခွင့်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီ ၄၂ ဦးနဲ့ ပတ်သက်ပြီးတော့လည်း ကျွန်တော်တို့နဲ့ သဘောတူ လက်မှတ်ရေးထိုးပြီးတဲ့ အချိန်မှာ ကျွန်တော်တို့ တပ်မတော်နဲ့ တပ်အတွင်းမှာရှိတဲ့ မှတ်တမ်း မှတ်ရာများ စိစစ်ပြီးတော့မှ သက်ဆိုင်ရာတပ်တွေကို စိစစ်ချက်အရ ဒါ တွေ့ရှိတဲ့ ကလေးများကို နှုတ်ထွက်ခွင့်ပေးသွားမှာ ဖြစ်ပါတယ်။ နှုတ်ထွက်ခွင့်ပြုတဲ့ စာရွက်စာတမ်းများ နိုင်ငံသား လက်မှတ်များကို တခါတည်းပေးသွားမှာ ဖြစ်ပါတယ်"

ဒီကနေ့ စစ်တပ်ကနေ နှုတ်ထွက်ခွင့်ပြုလိုက်တဲ့ ကလေးစစ်သားတွေဟာ တိုင်းနဲ့ပြည်နယ် (၁၂) ခု မှာရှိတဲ့ တပ်မတော် တပ်ရင်းတပ်ဖွဲ့တွေက ဖြစ်ပြီး၊ နောက်ထပ်လည်း ကလေးစစ်သားတွေကို မိဘအုပ်ထိန်းသူထံ အလားတူ လွဲပြောင်းမှုတွေ ဆက်လက် လုပ်သွားဖို့ ရှိတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန အရာရှိတွေက ပြောပါတယ်။

ကလေးစစ်သားတွေကို လောလောဆယ် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ဖွင့်လှစ်ထားတဲ့ စောင့်ရှောက်ရေးစခန်းကို လွှဲပြောင်း ပေးအပ်မှာ ဖြစ်ပြီး နောက်ပိုင်းမှာ အဲဒီစခန်းကနေ မိဘတွေနဲ့ ဆက်သွယ်ပေးတာတွေ၊ ကျောင်းပညာ ဆက်လက် သင်ကြားဖို့ စီစဉ်ပေးတာတွေ ဆောင်ရွက်သွားမယ်လို့ လူမှုဝန်ထမ်း ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးဆက်အောင်က RFA ကိုပြောပါတယ်။

"သူတို့တွေ နံပါတ်တစ် ဘာလုပ်ချင်လဲပေါ့နော်။ ကျွန်တော်ကတော့ ကျွန်တော့် မိဘတွေဆီ ပြန်ချင်တယ်ဆိုလည်း သူ့အမေ အဖေကိုပြောပြီး အိမ်အထိ လိုက်ပို့မယ်။ သူ့အမေပါတယ် ဆိုရင်လည်း ဒီကလမ်းစရိတ်၊ ရခိုင်အထိသွားမယ် ဆိုလည်း ရခိုင်အထိ လေယာဉ်ပျံစရိတ်ပါ တခါတည်း ထည့်ပေးလိုက်မယ်။ ကားမောင်းသင်တန်း တက်ချင်တယ်ဆိုရင် ယာဉ်မောင်း သင်တန်းကို တခါတည်း ပို့ပေးမယ်။ သူမောင်းတတ်သွားရင် သူအလုပ်ရှာလို့ လွယ်သွားတာပေါ့နော်။ ဓာတ်ပုံရိုက်ချင်တယ် ဆိုရင် ဓာတ်ပုံပညာ သင်ပေးမယ်။ သူတို့ ဘာလုပ်ချင်လဲ ပေါ့နော်။ သူတို့လုပ်ချင်တာ မူတည်ပြီးတော့။ ကျောင်းပြန်တက်ချင်တယ်ဆိုရင် ကျောင်းစီစဉ် ပေးမယ်။ ဘက်စုံပဲပေါ့နော်"

မြန်မာနိုင်ငံမှာ လာမယ့် (၁) နှစ်ခွဲကာလအတွင်း ကလေးစစ်သား လုံးဝ ပပျောက်သွားရေးအတွက် တပ်မတော်နဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေ စုဖွဲ့ထားတဲ့ ကလေးစစ်သား ပပျောက်ရေးဆိုင်ရာ အထူးလုပ်ငန်း အဖွဲ့က ကြိုးပမ်း ဆောင်ရွက်သွားမယ်လို့ လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။