ကလေး စစ်သား ၂ ဦး ပြန်လွတ်လာ

အသက် မပြည့်သေးတဲ့ ကလေး စစ်သား ၂ ဦးကို သက်ဆိုင်ရာ စစ်တပ်တွေက ပြန်လည်လွှတ် ပေးလိုက်တဲ့ အတွက် ဒီကနေ့မိဘရပ်ထံ ပြန်လည် ရောက်ရှိလာကြောင်း သတင်းရရှိပါတယ်။

2011.09.09

ရန်ကုန်တိုင်း လှိုင်သာယာ မြို့နယ်က မောင်ဇော်ဝေလင်း ၁၆ နှစ် နဲ့ ဇီးကုန်း ရေတာရှည် ရွာက မောင်နေရဲလင်း ၁၅ နှစ် တို့ဟာ ဒီကနေ့ နေအိမ်တွေ ပြန်လည် ရောက်ရှိ သွားပြီ ဖြစ်ပါတယ်။

မောင်ဇော်ဝေလင်း က မန္တလေး ၁၁၁ ဆက်သွယ်ရေး တပ်ကနေ သူ့ရဲ့ မိဘတွေကို ဖိတ်ခေါ်ပြီး သက်ဆိုင်ရာ တာဝန် ရှိသူတွေ ရှေ့မောက်မှာ ပြန်လွှတ် ပေးခဲ့တာ ဖြစ်ကြောင်း ပြောပါတယ်။

“တပ်က အရာရှိတွေ ဒုအရာခံ ဗိုလ်တွေ ရပ်ကွက်လူကြီး ၁ ယောက်နဲ့ ကျတော့် မိဘ ၂ ပါးနဲ့ ၃ ယောက် ပေါ့၊ ပြီးတော့ ကျနော့်ကို ခေါ်ပြီး မိဘထံ ပြန်အပ်တာပဲ ရှိတယ်။ ကျန်တာ ဘာမှ မပြော ပါဘူး။ ကျောင်းကတော့ နောက်နှစ် လောက်မှ ပြန်တက် တော့မယ်။ လောလောဆယ် မေမေနဲ့ နေပြီး မွေးမြူရေး ပြန်လုပ်မယ်”

ဇီးကုန်း မြို့နယ်က မောင်နေရဲလင်း ကိုတော့ တနင်္သာရီတိုင်း မြိတ်မြို့နယ် ပလောက်ရွာမှာ အခြေစိုက်တဲ့ တပ်ကနေ ပြီးခဲ့တဲ့ လကုန်ပိုင်းက ပြန်လွှတ် ပေးခဲ့တာ ဖြစ်ပြီး မိဘတွေရှိရာ ရေတာရှည်ရွာကို ဒီကနေ့ ပြန်လည် ရောက်ရှိ သွားပြီ ဖြစ်ကြောင်း သိရပါတယ်။

ဒီ ကလေးစစ်သား ၂ ဦးရဲ့ ပြဿနာတွေကို HRDP လူ့အခွင့်အရေး အဖွဲ့ကနေ တဆင့် အိုင်အယ်အို ကို ဝင်ရောက် ကူညီပေးဖို့ အကူအညီ တောင်းခံ ခဲ့ပြီးနောက် သက်ဆိုင်ရာ စစ်တပ်တွေက အခုလို ပြန်လွှတ် ပေးလိုက်တာ ဖြစ်ကြောင်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။