ကလေးစစ်သား မိဘထံ ပြန်မရောက်သေး

အသက် ၁၇ နှစ် မပြည့်သေးတဲ့ ကလေးစစ်သား မောင်ဇော်ဝေလင်း ဟာ မန္တလေး ‘၁၁၁’ ဆက်သွယ်ရေး တပ်မှာ တာဝန် ထမ်းဆောင်နေရပြီး မိဘတွေက ပြန်လည်ခေါ်ယူဖို့ တာဝန်ရှိသူတွေထံ တင်ပြထားကြောင်း သတင်းရရှိပါတယ်။

2011.07.09

မောင်ဇော်ဝေလင်းဟာ လှိုင်သာယာ (၁၉) ရပ်ကွက် အောင်ဇေယျလမ်း နေ ဦးစိုးမင်း၊ ဒေါ်သန်းသန်းနွယ်တို့ရဲ့ သားဖြစ်ပြီး လွန်ခဲ့တဲ့ တနှစ်ခွဲ ကျော်လောက်က နေအိမ်ကနေ ပျောက်ဆုံးသွားခဲ့တာပါ။ ပျောက်ဆုံးချိန်မှာ အသက် ၁၅ နှစ်အရွယ် ဆယ်တန်းကျောင်းသား ဖြစ်ပါတယ်။ ပျောက်ဆုံးပြီး တနှစ်ကျော်ကြာမှ မန္တလေး ဆက်သွယ်ရေး တပ်မှာ တာဝန် ထမ်းဆောင်နေကြောင်း သိခဲ့ရတယ်လို့ ဖခင်ဖြစ်သူက ပြောပါတယ်။

“၇ ရက် ၁ လ ၂ဝဝ၉ က ကျူရှင်တက်ရင်းနဲ့ပဲ ပျောက်သွားတာ။ အခါလည်ကျော်သွားပြီး သူ့ သူငယ်ချင်းတယောက်က ဆက်သွယ်တာနဲ့ ကျနော်တို့ သိရတယ်”

ပြီးခဲ့တဲ့ ဇူလိုင်လ ၃ ရက်နေ့မှာ ဖခင်ဖြစ်သူ ကိုစိုးမင်း မန္တလေးကို လိုက်သွားပြီး သားဖြစ်သူကို ပြန်လည် ခေါ်ယူလိုကြောင်း ‘၁၁၁’ ဆက်သွယ်ရေးတပ်က တာဝန်ရှိသူတွေကို တင်ပြ ပြောဆိုခဲ့တယ်လို့ ကိုစိုးမင်းက ပြောပါတယ်။

“တပ်ရေးဗိုလ်ကြီး ရဲမင်းသန့်ကို စာရွက်စာတမ်းတွေ အကုန်ပေးခဲ့တယ်။ မွေးစာရင်းရယ်၊ ကျောင်းထောက်ခံစာရယ်၊ နောက် သူဆေးရုံတက်တုန်းက သူ စီမံချက်နဲ့ ပါသွားတဲ့ စာရွက်၊ နောက် သန်းကောင်စာရင်း မိတ္တူ။ သူတို့ကတော့ အမြန်ဆုံး ပြန်ထုတ်ပေးပါမယ်လို့ ပြောတယ်”

တပ်ရေးအရာရှိ ဗိုလ်ကြီးရဲမင်းသန့် ပြောဆိုလိုက်တဲ့အတွက် မိသားစုဝင်တွေက ဒီကနေ့အထိ စောင့်ဆိုင်းနေဆဲ ဖြစ်ပေမယ့် အခုအချိန်အထိ အကြောင်းကြားလာတာ မရှိသေးဘူးလို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိအစိုးရ ကိုယ်တိုင် ကလေးစစ်သား မစုဆောင်းဖို့ အမိန့် ထုတ်ပြန်ထားပေမယ့် စစ်သားစုဆောင်းရေးနဲ့ သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့တွေက လိုက်နာ အကောင်အထည်ဖော်ဖို့ လိုအပ်နေသေးကြောင်း ပြည်တွင်း လူ့အခွင့်အရေး လှုပ်ရှားတဲ့ အဖွဲ့တွေက ပြောဆိုထားပါတယ်။

အများအားဖြင့် စစ်သားစုဆောင်းရေး တပ်ဖွဲ့တွေဟာ ကလေးတွေရဲ့ အသက်ကို ၁၈ နှစ် ပြည့်ကြောင်း လိမ်လည် ဖော်ပြထားကြတယ်လို့ လည်း HRDP လူ့အခွင့်အရေးအဖွဲ့က ပြောဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။