လပွတ္တာမှာ ၅ နှစ်အောက်ကလေး ၆ ဦးမှာ တစ်ဦးနှုန်း သေဆုံးနေ


2016.09.30
malaria-child-620.jpg နေမကောင်းဖြစ်နေတဲ့ ကလေးငယ်ကို ထွေးပွေ့ထားတဲ့ အမျိုးသမီးတဦးကို တွေ့ရစဉ်
(Photo: AFP)

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း အစီရင်ခံစာအရ ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်မှာ အသက် ၅ နှစ်အောက် ကလေးငယ် ၆ ဦးမှာ ၁ ဦးနှုန်း သေဆုံးနေတယ်လို့ ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေအဖွဲ့က ဒီနေ့ ကြေညာချက်ထုတ်ပြန် ပါတယ်။

အသက် ၅ နှစ်အောက် ကလေးငယ်တွေ သေဆုံးမှုဟာ ဧရာဝတီတိုင်းနဲ့ မကွေးတိုင်းတွေမှာ အများဆုံးဖြစ်တယ်လို့ ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေအဖွဲ့ လက်ထောက် ဌာနေကိုယ်စားလှယ် ဒေါက်တာ ဒေါ်လှလှအေး က ပြောပါတယ်။

"၂၀၁၄ ခုနှစ် လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ ဆိုလို့ရှိရင် ၅ နှစ်အောက် ကလေးသူငယ် သေဆုံးမှုဟာ ဆိုလို့ရှိရင်ကတော့ အများဆုံး၊ အမြင့်ဆုံးကတော့ တိုင်းဒေသကြီးတွေမှာ ဧရာဝတီ၊ မကွေး အဲ့လိုဒေသတွေမျာ ပိုများတာကိုတွေ့ရတယ်"

မြန်မာနိုင်ငံမှာ ၅ နှစ်အောက် ကလေးငယ်တွေသေဆုံးမှုဟာ အာဆီယံနိုင်ငံတွေအကြားမှာ ဒုတိယအများ ဆုံး ဖြစ်နေပါတယ်။

အဲလို ကလေးငယ်တွေ သေဆုံးမှုဟာ နိုင်ငံသားတွေရဲ့ လူနေမှုအဆင့်အတန်း နိမ့်ကျတာကြောင့် ဖြစ်ပြီး  အထူးသဖြင့် ဝေးလံခေါင်သီတဲ့ဒေသတွေမှာ နေထိုင်ကြသူတွေရဲ့ လူနေမှုအဆင့်အတန်းကို မြှင့်တင်ပေးဖို့ လိုအပ်တယ်လို့လည်း အစီရင်ခံစာမှာ ရေးသားထားပါတယ်။

ဒါ့အပြင် အိမ်ထောင်စုတစ်စုမှာ ကလေးမွေးဖွားနှုန်းများတဲ့အခါ မွေးကင်းစကလေးငယ်တွေအပေါ် ဂရုစိုက်မှု နည်းပါးသွားတတ်ကြောင်း၊ အဲဒါကြောင့် မွေးကင်းစနဲ့ ကလေးငယ်တွေ သေဆုံးတာဟာ ကလေးမွေးဖွားနှုန်း များတာနဲ့ ဆက်နွယ်နေကြောင်းလည်း ပါရှိပါတယ်။

အသက် ၁၅ နှစ်ကနေ ၂၄ နှစ်အရွယ် လူငယ်တွေမှာ ကိုယ်ဝန်ဆောင်မွေးဖွားနှုန်းတွေ များနေတာတွေ့ရပြီး သားဆက်ခြားအသိပညာပေးဖို့ လိုအပ်နေတယ်လို့လည်း ဒေါက်တာ ဒေါ်လှလှအေး က ပြောပါတယ်။

မြန်မာနိုင်ငံမှာ မွေးကင်းစကလေးငယ် ၁ ထောင်မှာ ၆၂ ဦး သေဆုံးနေပြီး အသက် ၅ နှစ်အောက် ကလေးငယ်အယောက် ၁ ထောင်မှာ ၇၂ ဦးနှုန်း သေဆုံးနေတယ်လို့ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း အစီရင်ခံစာအရ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။