လူမှုကူညီရေးအသင်းတွေရဲ့ ကားတွေကိစ္စ စာတင်မည်
2018.06.29
လူမှုကူညီရေးအသင်းက လိုင်စင်မဲ့ကားတွေကို အစိုးရက တရားဝင်လိုင်စင်ချထားပေးဖို့အတွက် လူမှုကူညီရေး အသင်းတွေ စုပေါင်းလက်မှတ်ရေးထိုးပြီး မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ကို တင်ပြသွားဖို့ ပြင်ဆင်နေပါတယ်။
လူမှုကူညီရေးအသင်းအဖွဲ့တွေ တပတ်အတွင်းမှာ တင်ပြသွားမှာသွားဖြစ်တယ်လို့ ONE TO ONE ပြည်သူ့ ကူညီရေးအဖွဲ့က ကိုဝမ်းက ပြောပါတယ်။
“နောင်ရေရှည်မှာ အသင်းအဖွဲ့တွေအားလုံး တရားဝင်လိုင်စင်တွေနဲ့ ဖြစ်စေချင်တဲ့သဘောနဲ့ တွေ့ ဆုံဆွေးနွေးကြတာပါ။ စုပေါင်းလက်မှတ်ထိုးပြီး ဝန်ကြီးချုပ်ဆီတင်မှာပေါ့”
မန္တလေးမြို့ ရွှေဖြူပလာဇာက မြန်မာနိုင်ငံ ကွန်ပြူတာပညာရှင်အသင်းရုံးမှာ ဒီနေ့ ပြုလုပ်တဲ့ တွေ့ဆုံဆွေးနွေးပွဲမှာ အခုလိုဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
လိုင်စင်မဲ့ကားတွေကို အခုလကုန်ကစတင်ကာ ဖမ်းဆီးတော့မယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်နေတာကြောင့် လူမှုကူညီရေးက ကားတချို့လည်း ရပ်နားထားကြပါတယ်။
မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ကတော့ မနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သစ်ခိုးထုတ်တဲ့သူတွေက လိုင်စင်မဲ့ကားတွေကို အသုံးပြုနေကြတယ်လို့ ပြောခဲ့ပါတယ်။
လိုင်စင်မဲ့ယာဉ်တွေကိစ္စအတွက် ဘယ်လိုလုပ်ဆောင်ရမယ်ဆိုတာကတော့ တိုင်ပင်နေဆဲပဲဖြစ်တယ် လို့ ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။
ဒီနေ့ ပြုလုပ်ခဲ့တဲ့ လူမှုကူညီရေးအသင်းများတွေ့ဆုံပွဲမှာ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းအတွင်းက အသင်းပေါင်း ၅၀ ကျော် တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။