ထောက်ခံချက်တွေထုတ်ပေးဖို့ ပရဟိတအဖွဲ့ ၁ဝဝ ကျော် တိုင်းအစိုးရထံ စာတင်မည်


2018.06.30
charity-car-press-622.jpg ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ ပရဟိတအသင်းအဖွဲ့တွေ ၂ဝ၁၈ ခုနှစ် ဇွန်လ ၃ဝ ရက်နေ့က မင်္ဂလာဒုံမြို့နယ် စက္ကဝဌာကျောင်းတိုက်မှာ လိုင်စင်မဲ့ကားနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့စဉ်
Photo: Golden Middle Way - facebook

ရန်ကုန်တိုင်းအတွင်း လူမှုကူညီရေးအဖွဲ့တွေ အသုံးပြုနေတဲ့ လိုင်စင်မဲ့ယာဉ်တွေ ဖမ်းဆီးမခံရအောင် ထောက်ခံ ချက်တွေ ထုတ်ပေးဖို့အတွက် ပရဟိတအဖွဲ့ ၁ဝဝ ကျော်က တိုင်းအစိုးရအဖွဲ့ထံ အသနားခံစာတင်ဖို့ ဒီနေ့ ဆုံးဖြတ်လိုက်ပါတယ်။

တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ ကျန်းမာရေးဝန်ကြီးဌာနတို့က ထောက်ခံချက်ပေးမယ်ဆိုရင် ပြည်သူတွေကို ဆက်ပြီးကူညီနိုင်မှာဖြစ်တယ်လို့ Golden Middle Way လူမှုကယ်ဆယ်ရေးအသင်းက ကိုအောင်သော်က ပြောပါတယ်။

"ပရဟိတကို တကယ်လုပ်ဆောင်နေတဲ့ ပုဂ္ဂိုလ်တွေရဲ့ကားတွေ၊ အသင်းတွေရဲ့ကားတွေကို ဖမ်းဆီးလာရင် အသင်းအနေနဲ့ ထိခိုက်မယ်။ ပြည်သူ့ရဲ့ဒုက္ခတွေကို ကူညီနေတဲ့ဟာ ပြည်သူကိုလည်း ထိခိုက်မယ်။ အဲဒါတွေ နဲ့ပတ်သက်ပြီး တိုင်းဒေသကြီးအစိုးရရုံးကို ကျနော်တို့ အသနားခံစာတင်ပါတယ်။ ကျနော်တို့ လုပ်ဆောင်နေ တာတွေ အားလုံးကို ဥပမာ ကျန်းမာရေး ဦးစီးဌာနရယ်၊ ရန်ကုန်တိုင်းအစိုးရက ထောက်ခံချက်လေးနဲ့ ကျနော်တို့ တကယ်လုပ်ဆောင်နေပါတယ်ဆိုတဲ့ အသင်းတွေကျရင် ကားတွေ ထောက်ခံချက်နဲ့။ လိုင်စင်မလုပ်ပေးနိုင် ရင်တောင် ထောက်ခံချက်နဲ့ ပြေးဆွဲခွင့်ရရင် ပြည်သူတွေဒုက္ခကို ဆက်ပြီးကူညီပေးနိုင်မှာခင်ဗျ။"

ဒါ့အပြင် လူနာတင်ယာဉ်တွေကို အလွယ်တကူ တရားဝင်လိုင်စင်တွေ ရရှိရေးအတွက် ဆောင်ရွက်ပေးစေချင်တယ် လို့လည်း ပြောပါတယ်။

လိုင်စင်မဲ့ကားတွေကို ဖမ်းဆီးမယ်ဆိုတဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ကြေညာချက်နဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်း အတွင်းမှာရှိတဲ့ ပရဟိတအသင်းအဖွဲ့ ၁ဝဝ လောက်က ရှေ့ဆက်ဆောင်ရွက်မယ့် လုပ်ငန်းစဉ်တွေကို မင်္ဂလာဒုံ မြို့နယ် စက္ကဝဌာကျောင်းတိုက်မှာ ဒီကနေ့ ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

ရန်ကုန်တိုင်းအတွင်းက ပရဟိတအဖွဲ့တွေရဲ့ လိုင်စင်မဲ့ယာဉ်တွေရဲ့ ဓာတ်ပုံမှတ်တမ်းတွေနဲ့အတူ ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ဆီကို ဇူလိုင်လအတွင်း အသနားခံစာတင်ဖို့ ဆုံးဖြတ်တယ်လို့ သိရပါတယ်။

လတ်တလောမှာ လိုင်စင်မဲ့လူနာတင်ယာဉ်တွေရဲ့ အကူအညီတွေကို ရပ်နားထားရတဲ့ ပရဟိတအဖွဲ့တွေလည်း ရှိနေပါတယ်။

ရန်ကုန်တိုင်းအတွင်း မတော်တဆမှုတွေ၊ အရေးပေါ်လူနာတွေ ဆေးရုံရောက်ရှိနိုင်ရေးနဲ့  ဆေးရုံဆင်းတာတွေ အတွက် ပရဟိတအဖွဲ့တွေက အခမဲ့ကူညီပေးနေတာဖြစ်ပါတယ်။ နယ်ဒေသတွေကနေ ရန်ကုန်ကို ဆေးရုံလာ တက်တဲ့ လူနာတွေကိုတော့ ဆီဖိုးအလှူခံပြီး ပို့ဆောင်ပေးနေတာဖြစ်ပါတယ်။

အခုအချိန်မှာ လိုင်စင်မဲ့ယာဉ်တွေကို ဖမ်းမယ်ဆိုတဲ့ သတင်းတွေကြောင့် ရန်ကုန်မြို့ပြင်ကို သွားလာမယ့် လူနာတွေအတွက်လည်း အကူအညီတွေ ရပ်ဆိုင်းထားရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။