အမေရိကန်သမ္မတဟောင်းရဲ့ အဖွဲ့ မြန်မာပြည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်လေ့လာ

အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာ Jimmy Carter တည်ထောင်ထားတဲ့ The Carter Center က မြန်မာနိုင်ငံငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းစဉ်တွေနဲ့ ရွေးကောက်ပွဲစောင့်ကြည့်မှုတွေကို ကူညီနိုင်မယ့်နည်းလမ်းတွေရှာဖွေနေတယ်လို့ သိရပါတယ်။

2012.10.13
JimmyCarter-b305 အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာ
The Carter Center/Knudson Photos

မြန်မာနိုင်ငံကိုရောက်နေတဲ့ The Carter Center အဖွဲ့ရဲ့ အကြံပေးအရာရှိ Mrs. Sarah Levit- Shore နဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေဖြစ်တဲ့ ကိုဌေးကြွယ်၊ ကိုပြုံးချို၊ ကိုဂျင်မီ၊ ကိုအံ့ဘွယ်ကျော် တို့ ဒီကနေ့ အောက်တိုဘာလ ၁၃ ရက်နေ့ မနက်က တွေ့ဆုံဆွေးနွေးတဲ့အခါမှာ Mrs. Sarah ရဲ့ ပြောဆိုချက်တွေကို ကိုဂျင်မီက RFA ကို ပြန်ပြောပြပါတယ်။

“မြန်မာပြည်က ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ လေ့လာချင်တာတွေ သိချင်တာတွေ အများကြီး ရှိတယ်။ နောက်ပြီးတော့ သူတို့ဘာလုပ်ပေးနိုင်မလဲဆိုပြီးတော့ လာပြီးစုဆောင်းတာလည်း ရှိတယ်။ Election နဲ့ ပတ်သက်တဲ့ Monitoring မှာလည်း ဘာလုပ်ပေးနိုင်မလဲဆိုတာလည်း သိချင်တယ်”

ဒါ့အပြင် သမ္မတဟောင်း ဂျင်မီ ကာတာ ကိုယ်တိုင် မြန်မာနိုင်ငံကိုလာရောက်လည်ပတ်သင့်ပြီလား ဆိုတာလဲ လေ့လာနေတယ်လို့ သိရပါတယ်။

Carter Center ရဲ့ မြန်မာနိုင်ငံခရီးစဉ်မှာ ၈၈ မျိုးဆက်ကျောင်းသားတွေအပြင်၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေး၊ ဝန်ကြီးဦးအောင်မင်း တို့နဲ့လည်းတွေ့ဆုံခဲ့ပြီး ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်တွေမှာ ဘယ်လိုအကူအညီပေးနိုင်မလဲဆိုတဲ့ အကြောင်းတွေဆွေးနွေးခဲ့တယ်လို့သိရပါတယ်။

သမ္မတဟောင်း ဂျင်မီကာတာရဲ့ The Carter Center ဟာ ကမ္ဘာ့နိုင်ငံအများအပြားမှာ ပြည်တွင်းငြိမ်းချမ်းရေးဆိုင်ရာကိစ္စတွေ၊ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးတွေနဲ့ ကျန်းမာရေးကိစ္စတွေမှာ အကူညီပေးနေတဲ့ လူမှုအဖွဲ့စည်းတခုဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။