ဘူးသီးတောင်မှာ စစ်ဘေးဒုက္ခသည် ခုနစ်ဦး သတ်ဖြတ်ခံရ
2024.07.22
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ဂန္ဓာရီစစ်ဘေးဒုက္ခသည်စခန်းမှာ ခိုလှုံနေတဲ့ စစ်ဘေးဒုက္ခသည် ခုနစ်ဦးဟာ ဇူလိုင်လ ၁၈ ရက်နေ့က တောထဲကို မျှစ်သွားရှာစဉ် စစ်ကောင်စီတပ်က သင်တန်းပေးထားတဲ့ မွတ်စလင် လက်နက်ကိုင်တွေက သတ်ဖြတ်ခဲ့တယ်လို့ အာရက္ခတပ်တော် (AA) က ဇူလိုင်လ ၂၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
သေဆုံးသူတွေကို ဇူလိုင်လ ၁၉ ရက်နေ့နဲ့ ၂၀ ရက်နေ့တွေမှာ လက်ပန်ရှည်ရွာအနီး ပြန်တွေ့ခဲ့တာဖြစ်ပြီး ရုပ်အလောင်းတွေမှာ သေနတ်ဒဏ်ရာနဲ့ ဓားဒဏ်ရာတွေတွေ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
သေဆုံးသူတွေဟာ ခမီလူမျိုးတွေဖြစ်ပြီး အသက် ၂၉ နှစ်ကနေ ၅၄ နှစ်အထိ အရွယ်ရှိကြတဲ့ ဦးဦးလှထွန်း၊ ဦးကျော်လှ၊ ဦးမောင်ထွန်း၊ ဦးအောင်ကြီး၊ ဦးမောင်မောင်၊ ဦးထွန်းနိုင်ဦးနဲ့ ဦးကြာထွန်းဦးတို့ ဖြစ်ကြပါတယ်။
သူတို့ဟာ တောထဲကို မျှစ်ချိုးသွားကြစဉ် တစ်ရက်ကြာသည်အထိ ပြန်မရောက်တာကြောင့် AA တပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံတွေ လိုက်လံရှာဖွေခဲ့ရာမှာ သတ်ဖြတ်ခံထားရတဲ့ အလောင်းတွေကို တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။
အာရက္ခတပ်တော် (AA) ကတော့ ကျူးလွန်သူတွေကို ရှာဖွေဖော်ထုတ် အရေးယူမှာဖြစ်သလို စစ်ကောင်စီတပ်နဲ့ သူတို့ သင်တန်းပေးထားတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေကို သင့်တော်တဲ့ တုံ့ပြန်မှုတွေလုပ်မယ်လို့ ထုတ်ပြန်ပြောဆိုပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်လာတာ မတွေ့ရသေးသလို စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။
ဘူးသီးတောင်မြို့နယ်ကို မေလ ၁၈ရက်နေ့မှာ AA က သိမ်းပိုက်ထားတာဖြစ်ပြီး တိုက်ပွဲကာလအတွင်း ဘူးသီးတောင်မြို့နယ်က နေအိမ်အများပြား မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။