ဘူးသီးတောင်မှာ ရာအိမ်မှူး တစ်ယောက် အသတ်ခံရ

2017.05.30
butheetaung-murder-620.jpg ဘူးသီးတောင်မြို့နယ် မိကျောင်းခေါင်းဆွဲကျေးရွာက ရာအိမ်မှူး အသတ်ခံရတဲ့နေရာပြ မြေပုံ
Photo: State Counsellor Office Information Committee

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် မိကျောင်းခေါင်းဆွဲ ကျေးရွာက ရာအိမ်မှူးတစ်ယောက်ဟာ မေလ ၂၈ ရက်နေ့ က သတ်ဖြတ်ခံလိုက်ရတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီက ထုတ်ပြန်ထား ပါတယ်။

ဘူးသီးတောင်မြို့နယ် မိကျောင်းခေါင်းဆွဲ ကျေးရွာ ရာအိမ်မှူး တာဟဲရ် ဆိုသူကို အဲဒီနေ့ ညနေပိုင်း အချိန်လောက် က အမည်မသိလူအုပ်စုတစ်စုက ဝိုင်းဝန်းသတ်ဖြတ်ခဲ့တာဖြစ်တယ်လို့ အဲဒီထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

သေဆုံးသူဟာ လည်ပင်းထိုးသွင်း ဒဏ်ရာ၊ ယာမျက်ခုံးပြတ်ရှ ၊ နှုတ်ခမ်းပြတ်ရှဒဏ်ရာ တွေနဲ့ သေဆုံးခဲ့တာဖြစ်ပြီး ရဲတပ်ဖွဲ့က အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၉ ရက်နေ့ကလည်း ဘူးသီးတောင်မြို့နယ် ကျောင်းတောင်ကျေးရွာအုပ်စုက ပုဇွန်ချောင်းကျေးရွာ အုပ်ချုပ်ရေးမှူးတစ်ဦး ခေါင်းဖြတ်သတ်ဖြတ်ခံလိုက်ရသလို ရာအိမ်မှူးတစ်ဦးလည်း ပျောက်ဆုံးနေပါတယ်။

ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေက မွတ်ဆလင်အများစုနေထိုင်ကြတဲ့ကျေးရွာတွေမှာ ရာအိမ်မှူးအပါအဝင် အုပ်ချုပ်ရေးတာဝန်ရှိတဲ့သူတွေ မကြာခဏ အသတ်ခံနေရတာပါ။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ၉ ရက်နေ့ကနေ အခုနှစ် မေလ ၈ ရက်နေ့အထိ အဲဒီဒေသဘက်မှာ အရပ်သား ပြည် သူ ၃ဝ ဦး သေဆုံးခဲ့ပြီး ၂၂ ဦး ပျောက်ဆုံးနေကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီ က မကြာသေးခင် ရက်ပိုင်းက သတင်းထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။