အစိုးရပိုင်လုပ်ငန်းတွေ စုဖွဲ့ပြီး ပြုပြင်ပြောင်းလဲဖို့ လွှတ်တော်အဆိုတင်သွင်း
2018.08.31

နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းကြီးတွေကို တူညီရာစုဖွဲ့ပြီး ပြုပြင်ပြောင်းလဲရေးမူဝါဒချမှတ် အကောင်အထည်ဖော်ပေးဖို့ အစိုးရကို တိုက်တွန်းကြောင်း အဆိုကို ပြည်သူ့လွှတ်တော်မှာ ဒီနေ့ တင်သွင်းလိုက်ပါတယ်။
ဒဂုံမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဒေါ်သက်သက်ခိုင်က ဒီကနေ့ ကျင်းပတဲ့ ပြည်သူ့ လွှတ်တော် အစည်းအဝေးမှာ တင်သွင်းလိုက်တာပါ။
ဒေါက်တာဒေါ်သက်သက်ခိုင်က အဆိုတင်သွင်းရတဲ့အကြောင်းကို ပြောပါတယ်။
"၂၀၁၃-၁၄ မှာ နိုင်ငံတော်ပိုင် စီးပွားရေးကဏ္ဍကို တချို့တဝက် ပြုပြင်ပြောင်းလဲမှုတွေ လုပ်ခဲ့တယ်ပေါ့နော်။ ရည်ရွယ်ချက်ကောင်းတွေနဲ့ လုပ်ခဲ့တယ်။ ဒါကို ကျမတို့ ပြန်သုံးသပ်ရမယ့် အချိန်ရောက်ပြီပေါ့။ အခုက ၂၀၁၈ ဆိုတော့လေ။ ဒါတွေက ရည်ရွယ်တဲ့အတိုင်းဖြစ်လား၊ ဒါမှမဟုတ်ရင် ရည်ရွယ်တဲ့အတိုင်းမဖြစ်ဘဲနဲ့ ဘေးထွက် ဆိုးကျိုးတွေ ဘာတွေရှိလဲဆိုတာ ပြန်လည် သုံးသပ်ရမယ့်အချိန် ဖြစ်တယ်ပေါ့နော်"
ဒါ့အပြင် နိုင်ငံတော်ပိုင်စီးပွားရေးလုပ်ငန်းတွေဟာ အစိုးရရဲ့ ရငွေ၊ သုံးငွေ ဘတ်ဂျက်မှာ ၃၀ ရာခိုင်နှုန်းကျော် ကုန်ကျနေတဲ့အတွက်လည်း ပြုပြင်ပြောင်းလဲဖို့လိုတယ်လို့ ပြောပါတယ်။
နိုင်ငံပိုင်လုပ်ငန်းအများစုဟာ အရှုံးပေါ်နေပြီး ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေက ကျခံသုံးစွဲနေရတာနဲ့ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းတွေရဲ့ ပိုင်ဆိုင်မှုမှားယွင်းနေတယ်လို့လည်း ဒေါက်တာဒေါ်သက်သက်ခိုင်က ပြောပါတယ်။
ကမ္ဘာ့ဘဏ်အစီရင်ခံစာအရ ၂၀၁၇ ခုနှစ်မှာ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းပေါင်း ၃၂ ခုမှာ အလုပ်အကိုင် တစ်သိန်းလေးသောင်းကျော်ရှိပြီး နိုင်ငံဝန်ထမ်းအားလုံးရဲ့ ၁၅ ရာခိုင်နှုန်းရှိတယ်လို့ သိရပါတယ်။
ဒေါက်တာဒေါ်သက်သက်ခိုင်ရဲ့ အဆိုကို မင်္ဂလာဒုံမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ထောက်ခဲ့ခံပြီး မကြာခင် လွှတ်တော်မှာ ဆွေးနွေးမှာဖြစ်ပါတယ်။