ယုံကြည်မှု တည်ဆောက်ရေး ချင်းမိုင်မြို့မှာ တွေ့ဆုံဆွေးနွေး
2013.11.22

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ မြန်မာပြည်တွင်းက နိုင်ငံရေး ပါတီတွေနဲ့ ပြည်ပက တိုင်းရင်းသားအင်အားစုတွေ ဒီကနေ့တွေ့ဆုံပြီး၊ အမျိူးသား ရင်ကြားစေ့ရေးနဲ့ တစ်နိုင်ငံလုံး အတိုင်းအတာအရ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွေ အကောင်အထည်ဖော်ရေး အတွက် ဆွေးနွေးခဲ့ကြပါတယ်။
အထူးသဖြင့် တစ်ဖက်နဲ့တစ်ဖက်အကြား ယုံကြည်မှုတွေ ပိုရလာအောင် ဘယ်လိုဝိုင်းဝန်းလုပ်ဆောင်ကြမလဲ ဆိုတာကို ပွင့်ပွင့်လင်းလင်းဆွေးနွေးခဲ့ကြတယ် လို့ မြန်မာငြိမ်းချမ်းရေးစင်တာက ဦးညိုအုန်းမြင့် ပြော ပါတယ်။
“အဓိကကတော့ ကျနော်တို့ ပြီးခဲ့တဲ့ မြစ်ကြီးနားပွဲ မှာ တိုင်းရင်းသားတွေဘက်ကလည်း စိုးရိမ် ထိတ်လန့်မှုတွေ ရှိတယ်ဆိုတာကိုလည်း ပြောသွား တာတွေရှိပါတယ်၊ တစ်ဘက်နဲ့တစ်ဘက် ဒီလိုသံသယတွေ ပိုကြီးလာမယ့်ဟာမျိုးကို ကျနော်တို့အနေနဲ့ သိရှိပြီးတော့ မြန်မာပြည် ပြန်ရောက်တဲ့အခါ မှာ လွှတ်တော်ကနေပြီးတော့ဖြစ်စေ ကျနော်တို့ ကျန်တဲ့နိုင်ငံတော်နဲ့ သူတို့တွေနဲ့ အကြံပြုပေးပြီး စီမံဆောင်ရွက်သွားမယ်၊ ဒီပြဿနာတွေသည် အမျိုးသားပြန်လည်ရင်ကြားစေ့ရေး တစ်နိုင်ငံလုံးမှာ ငြိမ်းချမ်းမှုရှိတာကို အာသီသပြင်းပြနေတဲ့ ပြည်တွင်းနိုင်ငံရေးပါတီတွေအနေနဲ့ စုပေါင်းကြံဆောင်တဲ့ အတွေးအခေါ်မျိုးတွေ ပေးသွားတာတွေပါပဲ"
ဒီဆွေးနွေပွဲဟာ ပြည်တွင်းနိုင်ငံရေးပါတီတွေနဲ့ ပြည်ပကတိုင်းရင်းသားအဖွဲ့တွေအကြား ပထမဆုံးအကြိမ် ဆွေးနွေးပွဲလည်းဖြစ်ပါတယ်။ ဒီဆွေးနွေးမှုတွေကနေ ကရင်ပြည်နယ် ဘားအံမြို့မှာ လာမယ့်ဒီဇင်ဘာလထဲမှာ ကျင်းပမယ့် အစိုးရနဲ့တိုင်းရင်းသားတွေရဲ့ ဆွေးနွေးပွဲအတွက်လည်း ပိုပြီး နားလည်မှုတွေရနိုင်မယ်လို့ စီစဉ်သူတွေကပြောပါတယ်၊ မနက်ဖြန်မှာတော့ နိုင်ငံရေးပါတီတွေနဲ့ ထိုင်းနိုင်ငံအခြေစိုက် ရှမ်းအရပ်ဘက် လူမှုအဖွဲ့အစည်းတွေ တွေ့ဆုံမှာဖြစ်ပါတယ်။
ဒီကနေ့ ဆွေးနွေးပွဲ တက်ရောက်သတင်းယူနေတဲ့ RFA သတင်းထောက် ဦးအောင်မိုးမြင့်ရဲ့ သတင်းပေးပို့ချက်ကို နားဆင်နိုင်ပါတယ်။