မဏိပူပြည်နယ်မှာ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း ဆောက်လုပ်
2013.12.17
အိန္ဒိယနိုင်ငံ မဏိပူကသည်းပြည်နယ်မှာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတစ်ကျောင်း ဆောက်လုပ်ဖို့ အတွက် ပြည်နယ်ဝန်ကြီးက အင်္ဂါနေ့ မနေ့က ပနက်ရိုက်ပေးလိုက်ပါတယ်။
ပြည်နယ်မြို့တော် အင်ဖားမြို့ကနေ မြန်မာနိုင်ငံနဲ့ နယ်စပ်ကုန်သွယ်ရေးပြုလုပ်ရာ မိုးရေးမြို့ကို ဆက်သွယ်ထားတဲ့လမ်းအနီးမှာ အဲဒီဘုန်းကြီးကျောင်းကို မဏိပူပြည်နယ် ဗုဒ္ဓဘာသာအသင်း AMBA က ကမကထပြုလုပ် တည်ဆောက်တာဖြစ်ပါတယ်။ အဲဒီပနက်ရိုက် အခမ်းအနားကို မဏီပူကသည်းပြည်နယ် လွှတ်တော်အမတ်တွေလည်း တက်ရောက်ကြပါတယ်။
အခမ်းအနားမှာ အထူးဧည့်သည်အဖြင့် တက်ရောက်ခဲ့တဲ့ မဏိပူကသည်းပြည်နယ် လူနည်းစုရေးရာဥက္ကဋ္ဌ Dr O Kumar Singh က အခု ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းဟာ အိန္ဒိယဗဟိုအစိုးရရဲ့ အရှေ့မျှော်မူဝါဒကို အထောက်အကူပြုမှာ ဖြစ်တယ်လို့ ပြောပါတယ်။ ဒါ့အပြင် အိမ်နီးချင်း မြန်မာအပါအဝင် အရှေ့တောင်အာရှနိုင်ငံတွေထဲက ဗုဒ္ဓဘာသာဝင်တွေရဲ့ စိတ်ဝင်စားမှုကိုရရှိမှာဖြစ်ပြီး ချစ်ကြည်မှု ပိုမိုခိုင်မြဲစေမှာဖြစ်တယ်လို့လည်း သူက ပြောပါတယ်။