လွှတ်တော်ကိုယ်စားလှယ်များ၏မေးခွန်း လိုချင်သောအဖြေမရ
ပြည်သူ့လွှတ်တော် စည်းဝေးပွဲကို မတ်လ ၉ ရက် ဒီကနေ့ ဆက်လက် ကျင်းပရာမှာ လွှတ်တော် ကိုယ်စားလှယ် တဦးနှစ်ဦးက လယ်ယာမြေ သိမ်းဆည်းခံနေရတာတွေ၊ လယ်မြေ ပိုင်ဆိုင်ခွင့် ပြုဖို့ကိစ္စတွေ မေးမြန်းတာကို စစ်အစိုးရရဲ့ လယ်ယာ စိုက်ပျိုးရေးဝန်ကြီး ဗိုလ်ချုပ်ဟောင်း ဦးဌေးဦးက လယ်ယာကိစ္စတွေအားလုံးကို ဥပဒေဘောင်ထဲကနေ ဆောင်ရွက်ခဲ့တယ်လို့ ပြန်လည် ဖြေကြားခဲ့ကြောင်း သိရပါတယ်။
2011.03.09
parliament_2011_naypyidaw_305_z.png ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပပြီးနောက် အမျိုးသား လွှတ်တော်နှင့် ပြည်ထောင်စု လွှတ်တော် နှစ်ရပ်ပေါင်း ကျင်းပသော ပထမဆုံး လွှတ်တော် အစည်းအဝေးကို နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံသစ်တွင် ဇန်နဝါရီ ၃၁ ရက်နေ့က ပြုလုပ်နေသည်ကို MRTV 4 ရုပ်မြင်သံကြားမှ ထုတ်လွှင့် ပြသနေပုံ ဖြစ်ပါသည်။ (Photo: AFP/MRTV 4)
(Photo: AFP/MRTV 4)
၁၉၆၃ ခုနှစ် လယ်ယာမြေ ဥပဒေနဲ့ ၁၉၅၈ လယ်ယာမြေ ဥပဒေတွေအရ လုပ်ကိုင်တာ ဖြစ်တယ်လို့ ဝန်ကြီး ဦးဌေးဦးက ပြောဆိုတာလို့ ပြည်သူ့လွှတ်တော် တက်ရောက်နေတဲ့ NDF ပါတီ အမတ် ဦးကြည်မြင့်က ပြောပါတယ်။
“သီပေါ မဲဆန္ဒနယ်က ဦးရဲထွန်းပေါ့နော်၊ သူက လယ်ယာမြေ ပိုင်ဆိုင်ခွင့်ကို မေးတာကိုလည်း ခုနက ဦးဌေးဦးပဲ ဖြေတယ်။ ရွာငံ မဲဆန္ဒနယ်က ဦးအောင်သိန်း၊ သူကနေပြီးတော့ မြေလွတ်မြေရိုင်းတွေ ဖော်ထုတ်ရေး စီမံချက်နဲ့ ပတ်သက်တာပေါ့ဗျာ၊ အဲဒါတွေက သူတို့ ကျေးရွာတွေ နည်းနည်းပါးပါး ထိတဲ့ ကိစ္စ ဘာညာအထိ ထည့်ပြီးတော့ မေးတယ်ပေါ့။ ဦးဌေးဦးပဲ ဖြေတယ်လေ။ အဲဒီမှာ ဦးရဲထွန်းက မေးတဲ့ဥစ္စာကို ဖြေတာကို မကျေလည်တော့ နောက်တခါ သူ ထပ်မေးတယ်။ ထပ်မေးပြီးတော့ ထပ်ဖြေတယ်။ ထပ်ဖြေပြီးတဲ့ နောက်မှာမှ နောက်ထပ် မရှင်းသေးတဲ့ဟာ ရှိရင်တော့ စာရေးပြီးတော့ မေးပါ၊ ပြန်ဖြေပေးပါမယ်လို့ လွှတ်တော် ဥက္ကဋ္ဌ ဦးသူရရွှေမန်းက ပြောတယ်လေ။”
“အဲ ဦးဌေးဦးက ၆၃ လယ်သမား အခွင့်အရေး ကာကွယ်ရေးတို့၊ သီးစားချထားရေးတို့ ဥပဒေတို့က သူ့အရ သူက အလုပ်လုပ်တာကိုး။ ဒါတွေက ဆက်ရှိနေသေးတာကိုး။ တောင်သူလယ်သမားကလည်း မထိခိုက်အောင်ပေါ့လေ။ ပြီးတော့ကာ မြေရိုင်းတွေကို သူတို့ ဖော်ထုတ်ပြီးတော့ ပုဂ္ဂလိကတွေ လုပ်တာပါ ဆိုတာမျိုးတွေပေါ့လေ၊ လုပ်ပိုင်ခွင့်လည်း ရှိတယ်ဆိုတဲ့ အကြောင်းလေးတွေပေါ့။ လူကြီးတွေက ဖြေကြ ပြောကြပါတယ်။ နောက်တခါ ၅၈ မှာ သူက လယ်ယာမြေကို နိုင်ငံပိုင် ပြုလုပ်ရေး ဆိုတဲ့ ဥပဒေမျိုး ရှိတယ်လေ။ အဲဒီ ဥပဒေနဲ့လည်း သူက ဘောင်ဝင်အောင်တော့ လုပ်ခဲ့တယ်လေ။”
ရခိုင်ပြည်နယ် မြောက်ဦးမဲဆန္ဒနယ် အမတ် ဦးအောင်ထွန်းသာက မြောက်ဦးမြို့ရဲ့ ရှေးဟောင်း အမွေအနှစ်တွေကို ယူနက်စကို လက်အောက်မှာ ရှေးဟောင်း အမွေအနှစ်အဖြစ် သတ်မှတ်ပေးဖို့ ကိစ္စကို စစ်အစိုးရရဲ့ ယဉ်ကျေးမှုဝန်ကြီး ဦးခင်အောင်မြင့်က အနာဂတ်မှာ အလျဉ်းသင့်သလို ဆောင်ရွက်ပေးမယ်လို့ ပြန်လည် ဖြေကြားခဲ့တယ်လို့ ဆိုပါတယ်။
အလားတူပဲ အမျိုးသားလွှတ်တော်မှာ NDF ပါတီအမတ် ဒေါက်တာ မြတ်ဉာဏစိုး မေးမြန်းတဲ့ မြန်မာနိုင်ငံက တယ်လီဖုန်း နှုန်းထားတွေ ကြီးမြင့်နေတဲ့ ကိစ္စကို စစ်အစိုးရ ဆက်သွယ်ရေးဝန်ကြီးက ဖြေဆိုတဲ့အခါမှာ ကိုယ်စားလှယ်တွေ လိုချင်တဲ့ အဖြေမရကြဘူးလို့ NDF ပါတီ အမတ် ဦးဘုန်းမြင့်အောင်က ပြောပါ တယ်။
“ပထမ မေးခွန်းက ဒေါက်တာ မြတ်ဉာဏစိုးက တယ်လီဖုန်းစနစ်ပေါ့၊ နောက် ကျွန်တော်တို့ ကချင်ပြည်နယ်က ဦးစံထွန်းက အင်တာနက်စနစ်၊ နောက် ဦးပေါထန်ထိုင်းက ထန်တလန် မြို့နယ်မှာတဲ့ သူက ဒီ အဲဒီမှာ ရှိတဲ့ မြို့က ဒီ မြို့တွင်းတော့ ဆက်သွယ်လို့ ရပြီးတော့ ပြင်ပ နိုင်ငံခြားဖုန်းတွေ ခေါ်လို့မရတယ် ဆိုတဲ့အကြောင်းပေါ့။ အဲဒီ သုံးခုကို မေးတာကို ဆက်သွယ်ရေး ဝန်ကြီးက ဖြေသွားတယ်ဗျ။”
“ကိုမြတ်ဉာဏစိုး မေးတာကတော့ဗျာ၊ အဓိကတော့ ဒီ တယ်လီဖုန်း ဟင်းဖုန်းတွေမှာ နိုင်ငံတကာ စနစ်အတိုင်း မကောက်ပဲနဲ့ ဖုန်းကို အခမဲ့ပေးပြီးတော့ ဒီ ဝေတန်ဖိုးကိုပဲ ကောက်ဖို့ ပြောတာပေါ့။ ဒါပေမဲ့ ဝန်ကြီးကတော့ အဲဒီ ကိစ္စကို လုပ်ပေးမယ်လို့ မပြောနိုင်ပါဘူး။ ဒါတွေနဲ့ ပတ်သက်လို့ ကျွန်တော်တို့ သူ လျှော့ပေါ့ပြီး ဖြေမယ်ထင်တာ အဲဒီအဖြေတွေ ကျွန်တော်တို့ မရပါဘူး။”
မနေ့က တင်သွင်းထားတဲ့ အဆိုတွေကို လက်ခံဆွေးနွေးဖို့ကို ဒီကနေ့ အတည်ပြုလိုက်ပြီး မနက်ဖြန် မတ်လ ၁၀ ရက်မှာ အဲဒီအဆိုတွေ ဆက်လက် ဆွေးနွေးမယ်လို့ သိရပါတယ်။
မှတ်ချက်ပေးပို့ရန်
မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။
မှတ်ချက်
Anonymous
2011-04-01 02:59