မြဝတီမြို့က နေရာတချို့မှာ ဗုံးနဲ့ ခြိမ်းခြောက်ငွေတောင်းတာတွေရှိ
2018.12.20
ကရင်ပြည်နယ် မြဝတီမြို့မှာ ဖုန်းနဲ့ခြိမ်းခြောက် ငွေကြေးတောင်းခံနေတာတွေရှိနေတဲ့အတွက် ပြည်သူတွေ သတိထားဖို့နဲ့ ခြိမ်းခြောက် ငွေကြေးတောင်းတာကိုခံရရင် ရဲတပ်ဖွဲ့ကို အကြောင်းကြားဖို့ ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်မြတ်မိုးက ဒီနေ့ RFA ကိုပြောကြားလိုက်ပါတယ်။
ကရင်ပြည်နယ် မြဝတီမြို့က KK စတိုးဆိုင်နဲ့ အောင်စစ်ခိုင် ကားပေါ်မှာ ဗုံးထောင်ထားကြောင်းနဲ့ ပိုက်ဆံမပေးရင် ဗုံးခွဲမယ်ဆိုပြီး ငွေခြိမ်းခြောက်တောင်းဆိုတာ နှစ်မှုဖြစ်ခဲ့ပြီး ရဲတပ်ဖွဲ့က သွားရောက်ရှာဖွေ ရှင်းလင်းခဲ့ရကြောင်း ရဲမှူးကြီးအောင်မြတ်မိုးက ပြောပါတယ်။
အဲဒီလို ခြိမ်းခြောက် ငွေတောင်းတဲ့နေရာတွေမှာ တကယ်ဗုံးထောင်တာမရှိဘဲ ဆူပူအောင်လုပ်နေတာဖြစ်တယ်လို့ မြဝတီမြို့ခံတွေက ပြောပါတယ်။
လက်ရှိအချိန်မှာ ကရင်ပြည်နယ် မြို့နယ်တိုင်းမှာ ရဲတပ်ဖွဲ့က ပုံမှန်လှည့်ကင်း စစ်ဆေးဂိတ်တွေအပြင် လုံခြုံရေး လည်း ပိုချထားတယ်လို့ သိရပါတယ်။
ဒီလို့ ဖုန်းနဲ့ ငွေခြိမ်းခြောက် တောင်းတာတွေပြုလုပ်ရင် ရဲတပ်ဖွဲ့ကို အကြောင်းကြားဖို့ ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်မြတ်မိုး က ပြောပါတယ်။
"ဗုံးခွဲမယ်ဆိုပြီး တယ်လီဖုန်းနဲ့ ငွေခြိမ်းခြောက်တောင်းတာတွေရှိပါတယ်၊ အဲတာတွေကို သတိပြုပေးဖို့ ပြည်သူတွေကို အသိပေးပေးပါ၊ မြဝတီမှာ နှစ်မှုရှိပါတယ်၊ အများပြည်သူတွေအနေနဲ့ သိသိချင်း ရဲတပ်ဖွဲ့ကို အသိပေးဖို့ မေတ္တာရပ်ခံပါတယ်"
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၇ ရက်နေတုန်းက ကရင်ပြည်နယ် မြဝတီမြို့ အမှတ်(၃)ရပ်ကွက် ကြံခင်းလမ်းရှိ ကေကေ စတိုးဆိုင်ကို ဆိုင်ကယ်စီးဦးထုပ်ဆောင်းထားတဲ့ အမျိုးသားတစ်ဦးက ငွေကျပ် ၁၂ သိန်းမပေးရင် ဆိုင်အတွင်း ထောင်ထားတဲ့ဗုံးတွေကို ဖောက်ခွဲပစ်မယ်လို့ ခြိမ်းခြောက်ရေးသားထားတဲ့ စာတစ်စောင်ကို လာရောက်ပို့ဆောင်ခဲ့ ပါတယ်။
စာထဲမှာ "စတိုးဆိုင် အပေါ်ထပ်နဲ့ အခြားနေရာတွေမှာ ဗုံးတွေထောင်ထားပြီး ၅ မိနစ်အတွင်း wave money နဲ့ ငွေကျပ် ၁၂ သိန်း လွှဲပေးဖို့ ရေးသားထားပါတယ်။
အလားတူမနေ့ကလည်း မြဝတီကနေ ရန်ကုန်ကိုပြေးဆွဲနေတဲ့ အောင်စစ်ခိုင်ကားပေါ်မှာ ဗုံးထောင်ထားကြောင်းနဲ့ ငွေလွှဲပေးဖို့ ဖုန်းနဲ့ ခြိမ်းခြောက်တောင်းဆိုခဲ့ပါတယ်။
မနေ့ညတုန်းက ဖုန်းနဲ့ ငွေခြိမ်းခြောက်တောင်းခံရတာနဲ့ ပတ်သက်ပြီး အောင်စစ်ခိုင် ကားဂိတ်တာဝန်ခံ ဒေါ်ကြည်ကြည်သင်း က အခုလိုပြောပြပါတယ်။
"ကားထွက်သွားပြီး ၁၅မိနစ်လောက်မှာ ဖုန်းဆက်လာတယ် အမကိုလှမ်းပြောတယ် အမတို့ ခုထွက်သွား တဲ့ကားက အန္တရာယ်ရှိနေပြီတဲ့ အဲဒီမှာလက်လုပ်မိုင်းထောင်တားတယ် ပိုက်ဆံတောင်းတဲ့ပုံစံမျိုးပေါ့၊ နောက်မှ wave money နဲ့ ပိုက်ဆံပို့ပေးဖို့ စာအိတ် အမဆီ ပို့လိုက်တယ်၊ ၃သိန်း အရင်လွှဲပေးဖို့ ကုတ်နံပါတ် ၇ခြောက် လုံးနဲ့ ၁၀မိနစ်အတွင်း ထည့်ပေးဖို့ မထည့်ပေးရင် သူ့အဆိုးမဆိုနဲ့ဆိုပြီး အမကိုပြောတယ်"
မြဝတီမြို့မှာ လုံခြုံရေးနဲ့ ပတ်သက်ပြီး သေချာလုပ်ထားပြီး အခုလိုပြုလုပ်တာတွေဟာ မြို့ကိုဆူပူအောင် သက်သက်လုပ်ဆောင်နေတာလို့ မြဝတီမြို့မိမြို့ဖတစ်ဦးဖြစ်တဲ့ ဦးဝင်းဇော် ကပြောပါတယ်။
"အဘက်ဘက်ကလည်း လုံခြုံရေးတွေ အစီအမံတွေ အထပ်ထပ်ချထားတယ်၊ တယောက်ယောက်က မြို့ကိုဆူပူအောင် ပါးစပ်နဲ့ခြိမ်းခြောက်တဲ့သဘောမျိုးပေါ့၊ တိုက်ခိုက်တဲ့ပုံစံမျိုးတော့မတွေရဘူး၊ ဒါပေမဲ့ တကယ်မြို့ကို ဆူပူအောင်လုပ်နေတယ်လို့ပဲ မြို့ခံတယောက်အနေနဲ့မြင်တယ်"
လက်ရှိအချိန်မှာ လုံခြုံရေးကို ပိုမိုတင်းကြပ်အောင်ဆောင်ရွက်နေပြီး လက်နက်ကိုင်အဖွဲ့အစည်းကမဟုတ်ဘဲ တစ်စုံတစ်ယောက်က နောက်ကွယ်ကနေပြုလုပ်နေတာလို့ သုံးသပ်ကြောင်း ရဲမှူးကြီး အောင်မြတ်မိုး ကပြောပါတယ်။
ဒီလိုခြိမ်းခြောက်တဲ့ဖြစ်စဉ်နှစ်ခုစလုံးမှာ ဖုန်းတစ်လုံးထဲကဖြစ်ပြီး နည်းပညာကျွမ်းကျင်တဲ့လူတစ်ယောက်ကနေ လုပ်နေဖြစ်နိုင်တယ်လို့ မြဝတီမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင် ကပြောပါတယ်။
"နှစ်ခုလုံးရဲ့ဖုန်းနံပါတ်ကလည်း တူတယ်ပေါ့နော်၊ တူတဲ့အခါကျတော့ တစ်ဦးတစ်ယောက်ကပဲ လက်ရှိဖြစ်နေတဲ့ wave money တွေအပေါ်အခြေခံပြီး လုပ်နေတယ်လို့ မြင်တာပေါနော်"
လက်ရှိအချိန်ထိ ဗုံးနဲ့ခြိမ်းခြောက်ငွေတောင်းခံတဲ့သူကို ဖမ်းဆီးရမိတာတွေမရှိပေမဲ့ သက်ဆိုင်ရာကနေ ရှာဖွေဖမ်းဆီးနေတယ်လို့ ကရင်ပြည်နယ်ရဲတပ်ဖွဲ့ကနေ သိရပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့တာပါ။