ရန်ကုန်မှာ နှစ်ရက်အတွင်း ဗုံးငါးလုံး ပေါက်ကွဲ
2023.12.15
ရန်ကုန်တိုင်း၊ ရွှေပြည်သာနဲ့ မြောက်ဒဂုံနှစ်မြို့နယ်မှာ ဒီဇင်ဘာ ၁၃ နဲ့ ၁၄ ရက်နေ့တွေက ဗုံးငါးလုံး ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီဇင်ဘာလ ၁၃ နေ့ ည ရှစ်နာရီကျော်အချိန်မှာ ရွှေပြည်သာမြို့နယ်၊ အမှတ် ၈ ရပ်ကွက်၊ တော်ဝင်ရဲစခန်းမှာ ဗုံးပေါက်ကွဲမှု နှစ်ကြိမ် ဆက်တိုက်ဖြစ်ခဲ့သလို မြောက်ဒဂုံ၊ ၄၁ ရပ်ကွက်မှာလည်း ဒီဇင်ဘာ ၁၃ ရက်နေ့ ညက နှစ်ကြိမ်၊ ဒီဇင်ဘာ ၁၄ ရက်နေ့မှာ တစ်ကြိမ် ဗုံးပေါက်ကွဲသံတွေ ကြားခဲ့ရတာလို့ ဆိုပါတယ်။
ရွှေပြည်သာမြို့နယ်၊ ၈ ရပ်ကွက်မှာ နေထိုင်သူတစ်ဦးကတော့ သူတို့ရပ်ကွက်မှာ အဲဒီနေ့ညက ပေါက်ကွဲသံ နှစ်ချက်ကြားလိုက်ရပြီး တစ်ဆက်တည်း သေနတ်သံတွေပါ ကြားခဲ့ရတယ်လို့ RFA ကို ပြောပါတယ်။
“ဖောက်ခွဲခံလိုက်ရတာကြောင့် ရဲစခန်းက ဘန်ကာကို ထိသွားတယ်။ ဘာနဲ့ပစ်သွားတယ်။ ခွဲသွားတယ်။ ဘယ်လောက် ထိခိုက်သွားတယ်ဆိုတာ သေချာတော့ မသိဘူး။ ပေါက်ကွဲသံကြီးက နှစ်ကြိမ်တောင် ကြားလိုက်ရတာ။ တော်တော် ကျယ်တယ်။ ပြီးမှ သေနတ်သံတွေ ထွက်လာတာ။ ငါးချက်လောက်ရှိမယ်။ တစ်ခါတည်း စခန်းရှေ့ မှာ လမ်းပိတ်ပစ်လိုက်တယ်။ ထုံးစံအတိုင်း စခန်းနားမှာ ပတ်ရှာကြတယ်လေ။ အဲဒီနေ့ည ရပ်ကွက်ထဲမှာ ဧည့်စာရင်း တော်တော်လေး စစ်သွားတယ်”
မြောက်ဒဂုံ ၄၁ ရပ်ကွက်မှာ ဒီဇင်ဘာလ ၁၃ ရက်နေ့နဲ့ ၁၄ ရက်နေ့က ပေါက်တဲ့ ပေါက်ကွဲသံကတော့ နိုက်ကလပ်တွေ၊ KTV တွေ၊ BAR တွေကို သတိပေးတဲ့အသံ ဖြစ်နိုင်တယ်လို့ ကိုယ်တိုင် ပေါက်ကွဲသံကို ကြားခဲ့ရတဲ့ ၄၁ ရပ်ကွက်နေ ပြည်သူတစ်ဦးက RFA ကို ပြောပါတယ်။
“ကျွန်တော်နေတဲ့ မြောက်ဒဂုံ၊ ၄၁ ရပ်ကွက်မှာတော့ နှစ်ရက်ဆက်တိုက် ကြားရတယ်။ ဒီဇင်ဘာ ၁၃ ရက်၊ ဗုဒ္ဓဟူးနေ့ ညက ကိုးနာရီ နှစ်ဆယ်လောက်မှာ ပေါက်တဲ့ပေါက်ကွဲသံ နှစ်ကြိမ်က တော်တော်ကျယ်တယ်။ နှစ်ချက်ဆက်တိုက် ပေါက်တာ။ ကိုယ့်အနီးအနားမှာ ထပေါက်သလိုပဲ။ ကလေးတောင် လန့်သွားတယ်။ မိုးကြိုးပစ်သံထက် နှစ်ဆလောက် ကျယ်တယ်ဗျာ။ ၁၄ ရက်နေ့ညကလည်း အဲဒီအချိန်လောက်မှာ တစ်ကြိမ် ထပ်ပေါက်တယ်။ အသံကတော့ နည်းနည်းဝေးတယ်။ ရပ်ကွက်ထဲ ပြန်ကြားရတာကတော့ မြောက်ဒဂုံ၊ ဦးဝိစာရလမ်းပေါ်မှာ Night Club တွေ၊ KTV တွေ၊ BAR တွေ၊ ဘီယာဆိုင်တွေက တော်တော်များတယ်။ အဲဒီဆိုင်တွေကို သတိပေးတဲ့အနေနဲ့ တော်လှန်ရေး လူငယ်တွေက အသံဗုံး ဖောက်တာလို့တော့ သိရတယ်”
ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်မှု ရှိ မရှိ မသိရသလို ဘယ်အဖွဲ့ရဲ့ လက်ချက်ဆိုတာကိုလည်း မသိရသေးပါဘူး။
ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်လို့ မေးမြန်းနိုင်ဖို့ စစ်ကောင်စီရဲ့ ရန်ကုန်တိုင်းပြောခွင့်ရ ဥပဒေချုပ် ဦးဌေးအောင်ကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားခြင်း မရှိပါဘူး။
ရန်ကုန်မြို့မှာ အခုလို ပေါက်ကွဲမှုတွေ ရှိနေပေမယ့် ပြည်သူတွေကတော့ ပုံမှန် သွားနေကြဆဲပဲလို့ တောင်ဥက္ကလာပ မြို့နယ်မှာနေတဲ့ ကဗျာဆရာ ကိုအေးအောင်က ပြောပါတယ်။
“ပေါက်ကွဲမှု သတင်းတွေကြောင့် အထူးတလည် စိုးရိမ်ရတာ မရှိပါဘူး။ သာမန် အရပ်သားတွေအနေနဲ့ နေ့စဉ် သွားလာနေကျအတိုင်း ကျွန်တော်တို့လည်း သွားလာနေကြပါတယ်။ စိုးရိမ်စရာက ခိုးဆိုးနှိုက်နဲ့ ဆိုင်ကယ်နဲ့ ဖုန်းလု၊ လူကို ဒုက္ခပေးတဲ့ ရာဇဝတ်မှု ကျူးလွန်သူတွေကိုပဲ ကြောက်လန့်နေရ၊ စိုးရိမ်နေရတာပါ”
အခုလ ဒီဇင်ဘာလထဲမှာပဲ ရန်ကင်း မြို့မရဲစခန်း၊ တောင်ဥက္ကလာမြို့နယ်၊ မြောက်ဥက္ကလာမြို့နယ်၊ မရမ်းကုန်းမြို့နယ်၊ တာမွေမြို့နယ်နဲ့ သာကေတမြို့နယ်တို့မှာလည်း သေနတ်ပစ်ခတ်သံတွေနဲ့ ပေါက်ကွဲသံတွေ ကြားခဲ့ရသေးတယ်လို့ သက်ဆိုင်ရာ မြို့နယ်ဒေသခံတွေက ပြောပါတယ်။