ဗိုလ်ချုပ်ကြေးရုပ် ထောက်ခံပွဲ ဦးဆောင်သူ ၅ ဦးကို အမှုဖွင့်
2019.02.05

ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာ ဖေဖော်ဝါရီလ ၂ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ဗိုလ်ချုပ်ကြေးရုပ် ထောက်ခံဆန္ဒ ထုတ်ဖော်သူတွေထဲက ခေါင်းဆောင် အပါအဝင် ၅ ယောက်ကို ငြိမ်းစုစီဥပဒေ ပုဒ်မ ၂၀ နဲ့ လွိုင်ကော်မြို့နယ် ရဲတပ်ဖွဲ့က အမှုဖွင့်လိုက်ပါတယ်။
ထောက်ခံပွဲ ဦးဆောင်သူတွေဟာ ငြိမ်းစုစီဥပဒေဘောင်ထက် ကျော်လွန်ဆောင်ရွက်တာတွေ ရှိခဲ့တာကြောင့် အရေးယူပေးဖို့ဆိုပြီး ကရင်နီပြည် လူငယ်အင်အားစုဘက်က မြို့နယ်ရဲတပ်ဖွဲ့ထံ သွားရောက်တိုင်ကြားခဲ့ တာဖြစ်တယ်လို့ သိရပါတယ်။
ထောက်ခံပွဲဦးဆောင်သူ လောပိတကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဝင်းအောင် အပါအဝင် ၅ ယောက်ကို လောလောဆယ် ငြိမ်းစုစီ ပုဒ်မ ၂၀ နဲ့ တရားစွဲဆိုထားကြောင်း မြို့နယ်ရဲတပ်ဖွဲ့က ဒီနေ့ နေ့လယ်မှာ အကြောင်းပြန် ကြားလာခဲ့တာဖြစ်တယ်လို့ တိုင်ကြားခဲ့သူ ကရင်နီပြည် လူငယ်အင်အားစုက ခွန်းမျိုးလှိုင်ဝင်း က RFA ကို ပြောပါတယ်။
အဲဒီသတင်းနဲ့ပတ်သက်ပြီး RFA က လွိုင်ကော်မြို့နယ် ရဲစခန်းမှူး ဦးဝင်းဌေး ကို ဆက်သွယ်မေးမြန်းရာ မှန်ကန်ကြောင်း အတည်ပြုပြောကြားပါတယ်။
ဒါ့အပြင် ကြေးရုပ်ထောက်ခံပွဲလုပ်သူတွေရဲ့လမ်းကြောင်းမှာ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ထုတ်ပြန်ကန့်သတ် ထားတဲ့ ဆန္ဒထုတ်ဖော်လို့မရတဲ့နယ်မြေတွေလည်း ပါဝင်ခဲ့တာကြောင့် ဒေသန္တရအမိန့် ဥပဒေအရ ပုဒ်မ ၁၈၈ ကို ဆန့်ကျင်နေတာကြောင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေး တာဝန်ရှိသူတွေကိုလည်း မနေ့က သွားရောက်တိုင်ကြား ထားတယ်လို့ ခွန်းမျိုးလှိုင်ဝင်း က ပြောပါတယ်။
ကရင်နီပြည် လူငယ်အင်အားစုတွေဟာ လက်ရှိအချိန်အထိ ပြည်နယ် NLD ရုံးရှေ့မှာ သပိတ်စခန်းဖွင့်ပြီး ကယားပြည်နယ်မှာ ဗိုလ်ချုပ်ကြေးရုပ်ထားရှိတဲ့ကိစ္စကို ကန့်ကွက်နေကြဆဲ ဖြစ်ပါတယ်။
ဒီသတင်းကို RFA သတင်းထောက် မသီရိမင်းဇင် ပေးပို့တာပါ။