ဗိုလ်ချုပ် နှစ် ၁၀၀ ပြည့် မွေးနေ့ပွဲ လွှတ်တော်မှာ ကျင်းပမည်


2015.02.09
parliament-pyitaungsu-305.jpg ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကျင်းပနေစဉ်
Photo: RFA

ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁၀၀ ပြည့် မွေးနေ့ အခမ်းအနားကို ပြည်ထောင်စုလွှတ်တော်မှာ ဒီလ ၁၁ ရက်နေ့မှာ ကျင်းပမယ်လို့ ပြည်ထောင်စုလွှတ်တော် ဗိုလ်ချုပ် နှစ် ၁၀၀ ပြည့် အခမ်းအနားကျင်းပရေး ဗဟိုကော်မတီဥက္ကဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သူရဦးအေးမြင့် က ကြေညာလိုက်ပါတယ်။

အဲဒီနေ့ အခမ်းအနားမှာ လွှတ်တော်ကိုယ်စားလှယ်တွေ နဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေက ဗိုလ်ချုပ်နဲ့ ပတ်သက်တဲ့စာတမ်းတွေ ဖတ်ကြမှာဖြစ်တယ် လို့ သူရဦးအေးမြင့်က ပြောပါတယ်။

"ဗိုလ်ချုပ်ရဲ့မှတ်တမ်းရုပ်ရှင်ပဲလေ အဲ့ဒါလေးကို အဘတို့ စုဆောင်းထားပြီးတော့မှ ၈ မိနစ် ၉ မိနစ် စာလောက်ပြပါမယ်၊ ပြပြီးတဲ့နောက်မှာ ပြည်ထောင်စုလွှတ်တော် နာယကကြီးက အမှာစကားပြောပါမယ်၊ အဲ့ဒါပြီးတဲ့နောက်မှာ ပါတီ ၁၉ ခုနဲ့ တပ်မတော်သား ကိုယ်စားလှယ်ဆိုပြီး စုစုပေါင်း အဖွဲ့ ၂ဝ ရှိပါတယ်၊ အဲ့ ၂ဝ က ကိုယ်စားလှယ်တစ်ခုဆီ ဗိုလ်ချုပ်နဲ့ပတ်သက်တဲ့ ဗိုလ်ချုပ်အမှတ်တရပေါ့ စာတမ်းဖတ်ပါမယ်၊ ၆ မိနစ်ဆီ ဖတ်ပါမယ်၊ အဓိကကတော့ အားလုံးရဲ့ရင်ထဲအသဲထဲမှာ ဗိုလ်ချုပ်ဆိုတာကို နှစ် ၁ဝဝ ပြည့်မှာ ပြန်လည်ပြီးတော့ ထင်ထင်ရှားရှားပေါ်လာအောင် ဆောင်ရွက်လိုခြင်းဖြစ်ပါတယ်"

အန်အယ်လ်ဒီပါတီက ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သက်တဲ့ စာတမ်းဖတ်ကြားသွားမှာဖြစ်တယ် လို့ ဒေါ်အောင်ဆန်းစုကြည်က သတင်းသမားတွေက မေးမြန်းစဉ်မှာ ပြောပါတယ်။

"အန်တီတို့ပါတီကလည်း တခြားပါတီလိုပဲ စာတမ်းဖတ်ရမယ်၊ အဲ့ဒါတော့ ပြင်ဆင်နေပါတယ်"

အဲဒီ  ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁၀၀ ပြည့်အခမ်းအနားကို တက်ရောက်ဖို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်ထောင်စု တရားသူကြီးချုပ်၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံး ဥက္ကဌနဲ့ အစိုးရအဖွဲ့တို့ကို ဖိတ်ကြားထားတယ်လို့ သိရပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁ဝဝ ပြည့် မွေးနေ့ဂုဏ်ပြုပွဲကို မကွေးတိုင်းဒေသကြီး နတ်မောက်မြို့မှာ အခုလ ၇ ရက်နေ့ကစပြီး ကျင်းပနေရာ   ၁၃ ရက်နေ့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မယ်လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။