စက်လှေတိမ်းမှောက်မှုကြောင့် ၁၀ ဦးသေ၊ ၃၀ ကျော် ပျောက်ဆုံးနေ
2019.07.24
မကွေးတိုင်း ရေနံချောင်းမြို့နယ် ဖရဲကျွန်းကျေးရွာအုပ်စုက ဒေသခံ စက်လှေတစ်စီး မနေ့ညနေက နစ်မြုပ်ပြီး ၁၀ ဦး သေဆုံးကာ လူ ၃၀ ကျော် ပျောက်ဆုံးနေပါတယ်။
မြေနုကျွန်း ခွဲဝေသတ်မှတ်မှုနဲ့ ပတ်သက်ပြီး ကံသာကျေးရွာသားတွေနဲ့ ပဋိပက္ခဖြစ်ပွားပြီးနောက် ဖရဲကျွန်းကျေးရွာက ဒေသခံတွေဟာ စက်လှေပေါ် အစုလိုက် အပြုံလိုက် လိုက်ပါစီးနင်းလာရာကနေ စက်လှေနစ်မြှုပ်သွားပြီး လူသေဆုံး တာတွေ ရှိခဲ့တာဖြစ်တယ်လို့ ဖရဲကျွန်းတပ်ပိုးရွာက ကိုသက်နိုင်ဦးက ပြောပါတယ်။
မြေနုကျွန်းခွဲဝေ သတ်မှတ်ထားတဲ့ မြေနေရာနဲ့ထိစပ်နေတဲ့ ဖရဲကျွန်းကျေးရွာ မူလတန်းကျောင်း ဖွံ့ဖြိုးရေးမြေပေါ်မှာ ကံသာကျေးရွာအုပ်စုက ဝင်ရောက်အိမ်ဆောက်တယ်ဆိုပြီး သွားရောက်ဖြေရှင်းရာမှာ ကျေးရွာ နှစ်ခုကြား ပဋိပက္ခ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
အခုပြဿနာဖြစ်ပွားတဲ့ မြေနေရာကို ၂၀၀၃ ခုနှစ်ကစပြီး မြေစာရင်းဌာနနဲ့ တာဝန်ရှိသူတွေက ပိုင်းခြားသတ်မှတ်ပေး ထားတယ်လို့ ဖရဲကျွန်းကျေးရွာသားတွေက ပြောပါတယ်။
ကံသာကျေးရွာဘက်က ကျမ်းကိုင်ကျွန်အုပ်စု အုပ်ချုပ်ရေးမှူးကတော့ သူတို့ပိုင်နက်နယ်မြေဖြစ်လို့သာ ဝင်ရောက်ဆောက်လုပ်တာဖြစ်တယ်လို့ RFA ကို ဖုန်းနဲ့ဖြေကြားခဲ့ပါတယ်။
(ဒီသတင်းကို RFA သတင်းထောက် ကိုဇော်တူး ပေးပို့သည်)