ကျန်းမာရေးမှူးများ ခန့်အပ်မှု မှန်ကန်ဖို့ ဖဲကြိုးပြာလှုပ်ရှားမှု စတင်


2016.08.07
blue-ribbon-ygn-620.jpg ဖဲကြိုးပြာလှုပ်ရှားမှုနဲ့ ကျန်းမာရေးမှူးများတွေ့ဆုံပွဲကို သြဂုတ်လ ၇ ရက်နေ့က ရန်ကုန်မြို့ Orchid ဟိုတယ်မှာ ကျင်းပနေစဉ်
Photo: Aung Thain Kha/ RFA

ကျန်းမာရေးမှူးအောင်လက်မှတ် မရှိထားသူတွေကို ကျန်းမာရေးမှူးအဖြစ် ခန့်အပ်တာဝန် ပေးနေတာတွေကို ရပ်တန့်ဖို့နဲ့ ကျန်းမာရေးမှူးတွေကို တခြားဌာနတွေမှာ ရွှေ့ပြောင်းတာဝန် ပေးတာတွေကို မလုပ်ဖို့ လွိုင်ကော်မြို့ ၊ မြစ်ကြီးနားမြို့နဲ့ ရန်ကုန်မြို့တို့မှာ ဖဲကြိုးပြာလှုပ်ရှားမှု ပြုလုပ်ပြီး တောင်းဆို လိုက်ပါတယ်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ City Park Royal ခန်းမမှာ ကျန်းမာရေးမှူး ၅၀ ကျော်တက်ရောက်တဲ့ ဖဲကြိုးပြာ လှုပ်ရှားမှုအခမ်းအနားမှာ မိမိတို့ရဲ့ အခြေခံ အခွင့်အရေးတွေကိုရရှိအောင် ငြိမ်းချမ်းစွာ တောင်းဆိုတာဖြစ်တယ်လို့ တနိုင်းမြို့နယ် မြို့နယ်ကျန်းမာရေးမှူး ဦးအောင်လင်းက ပြောပါတယ်။

"ကိုယ့်ဝန်ကြီးဌာန မဟုတ်ဘဲနဲ့ အခြားဌာနတွေကို ပို့ချင်တာကို ကျနော်က ကန့်ကွက်ပါတယ်၊ တကယ် လို့ နိုင်ငံတော်ရဲ့လိုအပ်ချက်အရ အရင်တုန်းကလည်းရှိခဲ့တဲ့၊ ပို့ခဲ့တယ်ဆိုရင်လည်း ဘယ်လောက်အထိ ပို့မှာလဲ၊ ၆ လ ပို့မှာလား၊ ၆ လ ပို့ပြီးရင် ပြန်ခေါ်မှာလား၊ တရားဝင်စာထုတ်စေချင်ပါတယ်၊ မတရားမှု၊ ဖိနှိပ်မှုကို ငြိမ်းချမ်းစွာ ဆန္ဒဖော်ဆောင်တယ်၊ ကျနော်တို့ရဲ့ လုပ်ပိုင်ခွင့်၊ ပြောင်းရွှေ့ဥပဒေတွေ ဖိနှိပ်ပြီးမှ အခြားဌာနတွေကို မိခင်ဌာန ကျန်းမာရေးဌာနမဟုတ်ပဲနဲ့ ပို့တာတွေရယ်၊ နောက်ပြီး ကျနော်တို့ရဲ့ တက်လမ်းပေါ့ အဆင့်ဆင့်ဖွင့်ပေးဖို့ရယ်၊ ကျနော်တို့ရဲ့ ကျန်းမာရေးကောင်စီဥပဒေကို အစော တလျင်ဖော်ဆောင်ပေးဖို့အတွက် ကျနော်တို့ ဒီအပြာရောင်လှုပ်ရှားမှုရဲ့ ရည်ရွယ်ချက်တွေ ကို ပြောကြားရင်း နဲ့ နိဂုံးချုပ်ပါတယ်"

ကျန်းမာရေးမှူးတစ်ဦးရဲ့ အမြင့်ဆုံးရာထူးဟာ ပင်စင်ယူချိန်အထိ မြို့နယ်ကျန်းမာရေးမှူး ရာထူးအထိသာ ရရှိနေတဲ့အချက်ကို ပြန်လည် ပြင်ဆင်ပေး ဖို့လည်း တောင်းဆိုကြပါတယ်။

နိုင်ငံအနှံ့က ကျေးလက်ကျန်းမာရေးဋ္ဌာနတွေမှာ ကျန်းမာရေးမှူးတွေကို ဆေးကုသခွင့်လိုင်စင် ထုတ်မပေးဘဲ အထက်အမိန့်ဆိုပြီး ခေါင်းစဉ်အမျိုးမျိုးနဲ့ ဆေးခန်းတွေဖွင့်လှစ်ကုသခိုင်းနေတဲ့အတွက် တရားဝင် လိုင်စင်အမြန် ဆုံးချထားပေးရေးကိုလည်း တောင်းဆိုခဲ့ကြပါတယ်။

အလားတူ ကယားပြည်နယ် လွိုင်ကော်မြို့က ဟိုတယ်လွိုင်ကော်မှာ ကျင်းပတဲ့ ဖဲကြိုးပြာ လှုပ်ရှားမှုမှာ ကျန်းမာရေးဝန်ထမ်းတွေရဲ့တောင်းဆိုချက်တွေ ကို ဆောင်ရွက်ပေးမှုမရှိရင် ဆန္ဒထုတ်ဖော်တာတွေကနေ လုပ်ငန်းတာဝန်တွေကို ရပ်နားတဲ့အထိလုပ်ဆောင်သွားမယ်လို့ ဘောလခဲမြို့နယ် ကျန်းမာရေးမှူး ၁ ဦးဟုမ်းကီးထန်းက ပြောပါတယ်။

"ကျနော်တို့ တိုင်းနဲ့ပြည်နယ်တွေကရလာတဲ့ အချက်တွေကို ပြန်စုစည်းပြီးတော့မှ ကျနော်တို့က စာတင် မယ်ပေါ့၊ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ဝန်ကြီးဆီကို စာတင်မယ်၊ အဲ့ဒီလို စာတင်လိုက်တာဟာ ပထမအဆင့်ပေါ့၊ စာတင်လိုက်ပြီးမှ ဘာမှအရေးယူမှုမရှိဘူး၊ ဘာမှ ကျနော်တို့အတွက် လုပ်ပေးမလာ ဘူး ဆိုရင်တော့ ကျနော်တို့ ဒုတိယအဆင့်ကိုသွားပါမယ်၊ ကျနော်တို့ အကုန်လုံးစုစည်းပြီးတော့ ဆန္ဒထုတ်ဖော် တာပေါ့၊ ဆန္ဒထုတ်ဖော်တဲ့အထိ ဖြစ်နိုင်ပါတယ်၊ ပြီးတော့မှ နောက်ဆုံးတတိယအဆင့် အနေနဲ့ကတော့ ကျနော်တို့ အဲ့ဒီဆန္ဒထုတ်ဖော်တာမှ ထူးမခြားလာဘူး၊ ဘာမှလုပ်မပေးဘူးဆိုရင်တော့ တတိယအဆင့် အနေနဲ့ တပြိုင်နက်တည်း အကုန်လုံး အစိုးရဝန်ထမ်းဘဝကနေရပ်လိုက်ဖို့အထိ အကုန်လုံးကလည်း တိုင်ပင်ထားပါတယ်"

အဲဒီတွေ့ဆုံပွဲမှာ ပြည်သူ့ကျန်းမာရေးဝန်ထမ်းမဟုတ်သူတွေကို ကျန်းမာရေးဝန်ထမ်းခန့်အပ်တာကို ရပ်တန့်ပေးဖို့ ကျန်းမာရေးဝန်ထမ်းတွေကို နေရာမှန် လူမှန်အခွင့်အရေးတွေ ဖန်တီးပေးဖို့ အဆင့်မြင့်ရာထူးတွေ ခွဲခြားမှု မရှိဖို့နဲ့အခြေခံကျန်းမာရေးတက္ကသိုလ်အစား လူထုကျန်းမာရေး တက္ကသိုလ် လို့ ပြောင်းလဲခေါ်ဝေါ်ဖို့တို့ ကို တောင်းဆိုကြပါတယ်။

အလားတူ ရန်ကုန်မြို့Orchid ဟိုတယ်မှာ ကျင်းပတဲ့ ဖဲကြိုးပြာလှုပ်ရှားမှုမှာ ကျန်းမာရေးမှူး ၈၀ လောက် ပါဝင်ခဲ့ပြီး ဝန်ကြီးဌာန မတူတဲ့ နေရာတွေမှာ ကျန်းမာရေးမှူးတွေကို ပြောင်းလဲခန့်အပ် တာဝန်ပေးနေတာတွေကို ပွင့်လင်းမြင်သာစွာ လုပ်ကိုင်ပေးဖို့၊ ကျန်းမာရေးမှူး အောင်လက်မှတ် မရှိဘဲနဲ့ ကျန်းမာရေးမှူး အဖြစ်ဝင်ရောက် လုပ်ကိုင်ခွင့် မပြုဖို့တို့ကို တောင်းဆိုခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။