အွန်လိုင်း ငွေလိမ်လုပ်ငန်းတွေက အင်ဒိုနီးရှား နဲ့ သီရိလင်္ကာနိုင်ငံသား ၄၀၀ ကျော်ကို နေရပ်ပြန်ပို့

RFA Burmese
2025.03.17
အွန်လိုင်း ငွေလိမ်လုပ်ငန်းတွေက အင်ဒိုနီးရှား နဲ့ သီရိလင်္ကာနိုင်ငံသား ၄၀၀ ကျော်ကို နေရပ်ပြန်ပို့ ကရင်ပြည်နယ် မြဝတီမြို့နယ် အွန်လိုင်းငွေလိမ်လုပ်ငန်းများမှ အင်ဒိုနီးရှားနဲ့ သီရိလင်္ကာနိုင်ငံသားတွေကို  ကရင်နယ်ခြားစောင့်တပ် (BGF) က ၂၀၂၅ ခုနှစ် မတ်လ ၁၇ ရက်နေ့တွင် လွှဲပြောင်းပေးနေစဉ်။
Citizen Photo

ကရင်ပြည်နယ် မြဝတီမြို့က တရုတ်ငွေလိမ်လုပ်ငန်းတွေမှာ အလုပ်လုပ်နေသူ အင်ဒိုနီးရှားနိုင်ငံသား ၄၀၀ နဲ့ သီရိလင်္ကာ နိုင်ငံသား ၁၄ ဦးကို မတ်လ ၁၇ ရက်နေ့မှာ ကရင်နယ်ခြားစာင့်တပ် BGF တပ်ဖွဲ့ကထိုင်းအာဏာပိုင် တွေကတစ်ဆင့် သက်ဆိုင်ရာနိုင်ငံ သံရုံးတာဝန်ရှိတွေကို လွှဲပြောင်းပေးပို့ခဲ့ပါတယ်။

မြန်မာနိုင်ငံဘက်အခြမ်း မြဝတီမြို့ မှာ ငွေလိမ်လုပ်ငန်းက နိုင်ငံခြားသားတွေကို စစ်ကောင်စီ ဌာနဆိုင်ရာအဖွဲ့ တွေက စစ်ဆေးမှတ်တမ်းယူပြီး မြဝတီ BGF တပ်ဖွဲ့ က ထိုင်းနိုင်ငံကို ပို့လိုက်ပြီးနောက် သက်ဆိုင်ရာနိုင်ငံသံရုံး တာဝန်ရှိသူတွေက နေရပ်ရင်းနိုင်ငံတွေဆီကို ပြန်ခေါ်ယူသွားတာလို့ BGF ကွပ်ကဲရေးရုံး သတင်းအရင်းအမြစ်က ပြောပါတယ်။

" ဒီမနက် ကတော့ အင်ဒို ၄၀၀ ပေါ့ ၊ သီရိလင်္ကာ ၁၅ယောက်၊ စုစုပေါင်း ၄၁၅ ယောက် ပေါ့ ၊ တံတား- ၂ ကို ပို့တယ်၊ ထိုင်းဘက်က ကားနဲ့ လာခေါ်တယ်၊ မဲဆောက်ကနေ လေကြောင်းနဲ့ သွားမလား ကားနဲ့ နယ်စပ်တို့ ဘန်ကောက်သံရုံးတို့ကို သွားမလားဆိုတာတော့မသိဘူး၊ နောက်ရက်တွေလည်း ဆက်လွှဲမယ့် အင်ဒိုတွေ၊ ဘင်္ဂလားတွေကျန်သေးတယ်"

လတ်တလော BGF တပ်ဖွဲ့ က ထိန်းသိမ်းထားတဲ့ ငွေလိမ်လုပ်ငန်းက အလုပ်သမားတွေကို သက်ဆိုင်ရာနိုင်ငံတွေ ပြန်လွဲပို့ဖို့ ကျန်နေသေးသူ နိုင်ငံပေါင်း ၃၀ က လူသုံးထောင် နီးပါးရှိနေပါသေးတယ်။ အဲဒီထဲက လူလေးရာကျော်ကို ဒီနေ့ ထိုင်းနိုင်ငံ မဲဆောက်မြို့ကို ပို့ခဲ့ပြီး အဲဒီကမှတဆင့် ဘန်ကောက်မြို့က သက်ဆိုင်ရာသံရုံးတွေကို အမြန်ကားတွေနဲ့ ပို့ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

မနက်ဖြန် မတ်လ ၁၈ ရက်မှာလည်း အင်ဒိုနီးရှားနိုင်ငံသား ၁၅၀ ကျော်နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၁၉ ဦး အပြင် ဂျပန်နိုင်ငံက အလိုရှိနေတဲ့တရားခံ ဂျပန်နိုင်ငံသား တစ်ဦးကို သက်ဆိုင်ရာသံရုံးနဲ့ တာဝန်ရှိသူတွေက မဲဆောက် မြဝတီ တံတား- ၂ မှာ လာရောက်ခေါ်ယူမယ်လို့ BGF တပ်ကွပ်ကဲရေးရုံး သတင်းအရင်းအမြစ်က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။