မြို့လှမြို့ကို KIA ထိန်းချုပ်၊ ဆင်ဘိုမြို့မှာလည်း တိုက်ပွဲပြင်းထန်နေ
2024.02.24
ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် မြို့လှမြို့က စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ (၃၈၇) ဆုတ်ခွာသွားပြီးနောက် မြို့တစ်ခုလုံးကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က ထိန်းချုပ်လိုက်ပြီလို့ KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။
မြို့လှမြို့က ခမရ (၃၈၇) ကို လက်နက်မချရင် ထိုးစစ်ဆင်တိုက်ခိုက်တော့မယ်လို့ KIA က ဖေဖော်ဝါရီလ ၁၉ ရက်မှာ သတိပေးစာ ပေးပို့ခဲ့ပြီးနောက် သုံးရက်အကြာ ဖေဖော်ဝါရီလ ၂၂ ရက်မှာ စစ်ကောင်စီတပ်က ဆုတ်ခွာသွားတာပါ။
ဒီအပြင် မြစ်ကြီးနားမြို့နယ်က KIA ထိန်းချုပ်ထားတဲ့ ဆင်ဘိုမြို့နဲ့ လေးမိုင်အကွာ စစ်ကောင်စီခြေလျင်တပ်ရင်း ခလရ (၁၄၁) လက်အောက်ခံတပ်စခန်းကိုလည်း ဖေဖော်ဝါရီလ ၂၄ ရက်မှာ KIA ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်နေပါတယ်။
စစ်ကောင်စီတပ်စခန်းမှာ စစ်အင်အား တစ်ရာနီးပါးရှိပြီး ၂၀၁၂ ခုနှစ်ကတည်းက တပ်စွဲထားတာ ဖြစ်ပါတယ်။
ဆင်ဘိုမြို့ကို KIA က ဖေဖော်ဝါရီလ ၁၀ ရက်မှာ သိမ်းယူခဲ့ပေမယ့် ဒီတပ်စခန်းကိုတော့ မသိမ်းယူနိုင်သေးဘူးလို့ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။
"ကျွန်တော်တို့ဘက်က မြို့ကိုတော့ ထိန်းချုပ်ထားပြီးပြီ။ သိမ်းစရာက ဒီတပ်စခန်းတစ်ခုပဲ ရှိတာဟုတ်တယ်။ ပြန်ပြီး ထိုးစစ်ဆင်နေလားဆိုတာကိုတော့အတိအကျ သတင်းမရသေးပေမယ့် ဒါကဖြစ်နိုင်ပါတယ်။ ဒီစခန်းက မြစ်ကြီးနား-ဗန်းမော် ရေလမ်းကသွားမယ်ဆို အချက်အချာကျတဲ့နေရာမှာ ရှိပါတယ်"
ကချင်ပြည်နယ်အတွင်း တိုက်ပွဲအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိသေးပါဘူး။
စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်းက မြို့ပေါင်း လေးဆယ်ကျော်ကို တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေက သိမ်းယူထားပါတယ်။