၃၅ လမ်း ကားမှတ်တိုင် ဗုံးပေါက်ကွဲမှု PDF လက်ချက်လို့ စစ်ကောင်စီ စွပ်စွဲ

2022.06.01
၃၅ လမ်း ကားမှတ်တိုင် ဗုံးပေါက်ကွဲမှု PDF လက်ချက်လို့ စစ်ကောင်စီ စွပ်စွဲ ၂၀၂၂ ခုနှစ် မေလ ၃၁ ရက်နေ့ ရန်ကုန်မြို့ ဘားလမ်းမှတ်တိုင် ပေါက်ကွဲမှုမှာ ထိခိုက်ဒဏ်ရာရသူများကို တွေ့ရစဥ်
Photo: Citizen Journalist

လူတစ်ဦး သေဆုံးပြီး ကိုးဦး ဒဏ်ရာရရှိခဲ့တဲ့ ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ၃၅ လမ်း ကားမှတ်တိုင် ဗုံးပေါက်ကွဲမှုဟာ PDF တွေရဲ့ လက်ချက်ဖြစ်တယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီနေ့ နေပြည်တော်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ စွပ်စွဲပြောဆိုလိုက်ပါတယ်။

“လက်ကိုင်အိတ်ကို လက်ပွေ့ပြီးကိုင်လာတယ်။ ပြီးရင် ဒီထဲကနေမှ မိုင်းဖောက်ခွဲတဲ့ သဘော ရှိပါတယ်။ သူကိုယ်တိုင်လည်း သေပါတယ်။ မဖောက်ခွဲခင်မှာ ပေါက်ကွဲသွား တဲ့ သဘောရှိတယ်။ သူရဲ့ဖုန်းကို ကျနော်တို့ စစ်ဆေးပါတယ်။ စစ်ဆေးတဲ့အခါမှာ သူ့ကိုခိုင်းထားတဲ့သူတွေ ရှိပါတယ်။ PDF အမည်ခံ အကြမ်းဖက်အဖွဲ့တွေနဲ့ အချိတ် အဆက်ရှိပြီး သူကိုယ်တိုင်လည်း PDF ဖြစ်ပါတယ်”

စစ်ကောင်စီက ပြုလုပ်တဲ့ ဒီနေ့သတင်းစာရှင်းလင်းပွဲမှာ ဗုံးဖောက်ခွဲခဲ့သူပါဝင်တဲ့ CCTV မှတ်တမ်းတစ်ခု ပြသခဲ့ပြီး အဲဒီမှတ်တမ်းအရ အင်္ကျီအနက်၊ ပုဆိုးဝတ်ဆင်လာသူ အသက် ၃၀ အရွယ်ခန့် အမျိုးသားဟာ ကားမှတ်တိုင်ကို ဝင်လာပြီးနောက် သူ့အိတ်ကိုဖွင့်နေစဉ်မှာပဲ ပေါက်ကွဲပြီး လဲကျသွားတာဖြစ်ပါတယ်။

စစ်ကောင်စီဘက်က PDF တွေလုပ်တာလို့ စွပ်စွဲပေမယ့် ရန်ကုန်တိုင်းစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့ တာဝန်ရှိသူကတော့ ဒီလုပ်ရပ်ဟာ PDF တွေဘက်ကလုပ်တာ မဟုတ်ဘူး လို့ တော်လှန်ရေးသတင်းတွေကို ဖော်ပြနေတဲ့ People's Spring မီဒီယာကို မနေ့က ဖြေဆို ထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဒေါက်တာ ဆာဆာက “လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်ထားတဲ့စစ်တပ်ဟာ ကိုယ့်ပြည်သူကိုယ် ပြန်ပြီးသတ်ဖြတ်တာ၊ ဗုံးခွဲတာတွေ ဆက်လက်ကျူးလွန်နေတယ်လို့” မေလ ၃၁ ရက် မနေ့ညက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

အလားတူ NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနကလည်း သူတို့အနေနဲ့ စစ်ကောင်စီရဲ့ ဖိနှိပ်မှုကနေ ပြည်သူကို ကာကွယ်ဖို့ စစ်သည်တော်ကျင့်ဝတ်တွေနဲ့အညီ ဆောင်ရွက်နေပြီး အရပ်သားတွေကို မတိုက်ခိုက်ဖို့ ညွှန်ကြားထားတဲ့အကြောင်းနဲ့ ကျူးလွန်သူကို အရေးယူ တဲ့အကြောင်း၊ အခုလို အရပ်သားပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်တဲ့လုပ်ရပ်ကို ပြင်းထန်စွာ ရှုတ်ချတဲ့အကြောင်း ကြေညာချက်ထုတ်ပြန်ပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းကနေ ပြီးခဲ့တဲ့ မေလ ၁၈ ရက်နေ့အထိ အရပ်သား သေဆုံးမှုဟာ ၅၆၀၀ ကျော် ရှိလာပြီလို့ လွတ်လပ်တဲ့ သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ISP-Myanmar က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။