ဗန်းမောက်မှာ တိုက်ပွဲတွေကြောင့် ဒေသခံနှစ်ထောင်ကျော် ထွက်ပြေးနေရ
2023.04.03
စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ် အနောက်ဘက်ခြမ်းကို မတ်လနောက်ဆုံးပတ်ကစပြီး စစ်ကောင်စီတပ်နဲ့ ရှမ်းနီအမျိုးသားတပ်မတော် (SNA) တို့ စစ်ကြောင်းထိုးလာပြီး တိုက်ပွဲတွေဖြစ်နေလို့ ဒေသခံနှစ်ထောင်ကျော် ဘေးလွတ်ရာ ထွက်ပြေးနေရတယ်လို့ ဗန်းမောက် PDF နဲ့ နီးစပ်သူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။
မတ်လ ၂၃ ရက်မှာ စစ်ကောင်စီတပ်မ (၇၇)၊ တပ်မ (၉၉) နဲ့ SNA တပ်တွေ အင်အား အများအပြား စစ်ကြောင်းထိုးလာတာဖြစ်ပြီး မတ် ၂၅ ရက်ကနေ မတ်လ ၃၀ ရက်နေ့အထိ PDF တွေနဲ့ တိုက်ပွဲဖြစ်ခဲ့တယ်လို့ PDF နဲ့ နီးစပ်သူ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“တိုက်ပွဲကလည်း ဒီတစ်ရက်၊ နှစ်ရက်ကတော့ ငြိမ်နေသေးတယ်ဗျ၊ ၂၅ ရက်နောက်ပိုင်း ၃၀ ထိတော့ တိုက်ပွဲခပ်စိပ်စိတ်တော့ဖြစ်တယ်။ ဒေသခံပြည်သူတွေကလည်း ထွက်ပြေး နေရတာ။ ကြောင်လည်၊ မံစီကြီး၊ မကျီးကုန်း၊ မံလွန်၊ နားပင် အဲရွာငါးရွာကတော့ ရွာလုံးကျွတ်ထွက်ပြေးနေတာ။ အခုက အဲဒီငါးရွာတော့ တစ်ထောင် နီးနီးမှာရှိတယ်။ ကျန်တဲ့ရွာတွေ ထပ်ပေါင်းရင်တော့ နှစ်ထောင်ကျော် သုံးထောင်လောက်ရှိတယ်။ စစ်ကြောင်းကလည်း ဗန်းမောက်မြို့နယ် အနောက်ဘက်ခြမ်းမှာပဲရှိတယ်”
မတ်လ ၂၄ ရက်က စစ်ကောင်စီတပ်ဟာ ကျောက်ဆည်ရွာကို လေကြောင်းကနေ တိုက်ခိုက်ခဲ့လို့ ကသာခရိုင် တပ်ရင်း (၄) နဲ့ ဗန်းမောက် PDF ဘက်က အကျအဆုံးများခဲ့ပြီး လက်နက်တွေပါ ဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။
မတ်လ ၂၇ ရက်နေ့ကလည်း လွင်ကြီးရွာဘက်ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ပစ်ခတ်ခဲ့ပေမယ့် ဒေသခံတွေ ကြိုတင်တိမ်းရှောင်နေတာကြောင့် အထိအခိုက်တော့ မရှိခဲ့ဘူးလို့ ဒေသခံက ပြောပါတယ်။
တိုက်ပွဲတွေဖြစ်ခဲ့ပြီးနောက်ပိုင်း အင်းတော်- ဗန်းမောက်လမ်းကို စစ်ကောင်စီတပ်က ပိတ်ထားခဲ့ပြီး ဒီနေ့အထိ ပြန်မဖွင့်ပေးသေးဘူးလို့ ဗန်းမောက်ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“တိုက်ပွဲဖြစ်ပြီးနောက် အင်းတော် - ဗန်းမောက်လမ်းကို ပိတ်ထားတာ အခုထိလည်း မဖွင့်သေးဘူး။ ဘာကြောင့် မဖွင့်သေးတာလဲကိုတော့ မသိဘူး။ တိုက်ပွဲကတော့ ဗန်းမောက် အနောက်ဘက်ခြမ်းတွေမှာ ဖြစ်နေတာ”
ဗန်းမောက်မြို့နယ်က တိုက်ပွဲနေရာတွေဟာ SNA တွေ ကျွမ်းကျင်တဲ့နယ်မြေ ဖြစ်တာကြောင့် PDF တွေဘက်က အထိနာတာတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။
နှစ်ဖက်တိုက်ပွဲ အခြေအနေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UNOCHA) ရဲ့ စာရင်းတွေအရ ၂၀၂၃ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့အထိ တစ်နိုင်ငံလုံးမှာ စစ်ဘေးဒုက္ခသည်ပေါင်း ၁ ဒသမ ၇ သန်း ရှိနေပြီဖြစ်ပါတယ်။