ရခိုင်ပြည်နယ် ပဋိပက္ခ သတိရှိရှိကိုင်တွယ်ရန် ကုလအတွင်းရေးမှူးချုပ်ပြောကြား

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က ပဋိပက္ခဟာ ပြည်တွင်း ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေအပေါ် ထိခိုက်စေနိုင်တဲ့အပြင် တိုင်းပြည်နယ်နိမိတ်ကို ကျော်လွန်ပြီး တခြားနိုင်ငံတွေဆီအထိပါ သက်ရောက်မှုတွေ ရှိလာနိုင်တဲ့အတွက် သတိရှိရှိနဲ့ ကိုင်တွယ်ဖြေရှင်းဖို့ အရေးကြီးကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ပြောလိုက်ပါတယ်။

2012.09.29
ban-ki-moon-092912-b305 ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၂၅ ရက်က ၆၇ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ကုလ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း မိန့်ခွန်းပြောကြားနေစဉ်။
AFP

OIC ခေါ် အဖွဲ့ဝင်နိုင်ငံ (၅၇) နိုင်ငံပါ အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ဥက္ကဋ္ဌနဲ့ မနေ့က တွေ့ဆုံခဲ့ရာမှာ အဲဒီလိုသတိပေး ပြောကြားခဲ့တာပါ။

(၆၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေ ညီလာခံအပြီး သမ္မတ ဦးသိန်းစိန်နဲ့ မစ္စတာ ဘန်ကီမွန်းတို့ တွေ့ဆုံခဲ့ရာမှတော့ ရခိုင်ပြည်နယ် ပြဿနာနဲ့ ပတ်သက်ပြီး ရပ်ရွာဒေသတွင်း ရှိနေကြသူ အချင်းချင်းသဟဇာတဖြစ်အောင် နေထိုင်နိုင်ရေး၊ ပြဿနာ ဖြစ်ပွားရတဲ့ အကြောင်းရင်း ဇာစ်မြစ်တွေကို ဖယ်ရှားရေး စတာတွေကို ရေတို ရေရှည် ရှုထောင့်တွေကနေ နည်းလမ်းရှာ ကိုင်တွယ်ဖြေရှင်းသွားဖို့ ဆွေးနွေးခဲ့ကြပြီး ရခိုင်အရေးကို ပြေလည်သည်အထိ ဖြေရှင်းသွားမယ်လို့ သမ္မတ ဦးသိန်းစိန်က ကတိကဝတ်ပြုခဲ့ကြောင်း ကုလသမဂ္ဂ ပြောခွင့်ရသူ မာတင် နီဆာကီက ပြောဆိုပါတယ်။

ဒါ့ပြင်ကချင်ပြည်နယ်က လူမျိုးစု လက်နက်ကိုင်တွေနဲ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေရပ်တန့်ဖို့ အတွက်လည်း အားလုံးပါဝင်ပြီး လက်တွဲညီညီ ဆောင်ရွက်သွားဖို့လည်း ဘန်ကီမွန်းက တိုက်တွန်းခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။