ဖမ်းဆီးခံထားရတဲ့ ဓာတ်ပုံသတင်းထောက် နှစ်ဦး အာမခံရရှိ
2017.09.23

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ မြန်မာဓာတ်ပုံသတင်းထောက် နှစ်ဦးကို အာမခံပေး လိုက်တယ်လို့ သူတို့နှစ်ဦးကို ကူညီပေးနေတဲ့ သတင်းထောက် မအက်စတာထုဆမ် က ပြောပါတယ်။
သူတို့နှစ်ဦးအတွက် အာမခံလျှှောက် ထားတာကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘ်ဇက်ဘဇား အထက်တရားရုံးက ခွင့်ပြုပေးလိုက်တာဖြစ်ကြောင်း သူတို့နှစ်ဦးရဲ့ရှေ့နေက မနေ့က အကြောင်းကြားလာတယ်လို့ မအက်စတာ ထုဆမ်က ပြောပါတယ်။
"သူတို့ရဲ့ရှေ့နေက ဒီကြားထဲမှာ အာမခံရဖို့ကြိုးစားနေတာ ပြီးခဲ့တဲ့ တနင်္လာနေ့လောက်ကတည်း ကပေါ့နော်၊ ဝမ်းသာအားရပေါ့နော် မနေ့က သူတို့နှစ်ယောက်ကို အာမခံပေးဖို့ ဆုံးဖြတ်လိုက်တယ်လို့ ကြားရတယ်ရှင့်၊ လောလောဆယ် သူတို့နှစ်ယောက်ကတော့ အချုပ်ထဲမှာမဟုတ်ဘဲ ဟိုတယ်ထဲမှာလို့ သိရပါတယ်၊ ခုလောလောဆယ်တော့ အာမခံနဲ့ပဲ နေရသေးတယ်ပေ့ါနော်၊ ဒီရှေ့နေကတော့ ဒီတစ်ပတ်လုံး အာမခံရဖို့ ကြိုးစားဆောင်ရွက်ပေးတာ"
ကိုမင်းဇေယျာဦးနဲ့ ကိုခွန်လတ်တို့ဟာ မြန်မာနိုင်ငံကနေ ထွက်ပြေးလာကြတဲ့ မွတ်ဆလင် ဒုက္ခသည်တွေကို ဂျာမနီနိုင်ငံက GEO သတင်းဌာနအတွက် ဓာတ်ပုံရိုက်ပေးဖို့ သွားရောက်ခဲ့ကြရင်း ပြီးခဲ့တဲ့ စက်တင်ဘာလ ၇ ရက်နေ့က ကော့ဘ်ဇက်ဘဇားနယ်ထဲမှာ အဖမ်းခံခဲ့ရတာဖြစ်ပါတယ်။
သူတို့နှစ်ဦးရဲ့ရှေ့နေဟာလည်း နိုင်ငံတကာအတွေ့အကြုံရှိတဲ့ အဆင့်မြင့်ရှေ့နေတစ်ဦးဖြစ်တယ်လို့ ပြောပါတယ်။
သူတို့နှစ်ဦးအတွက် ကော့ဘ်ဇက်ဘဇားတရားရုံးမှာ ပထမတစ်ကြိမ် အာမခံလျှောက်ထားရာမှာ ရှေ့နေအနေနဲ့ အချက်အလက်စုဆောင်းဖို့ အချိန်မရလိုက်ဘဲ လျှောက်ထားခဲ့ရတာမို့ ပယ်ချခံခဲ့ရပါတယ်။
နောက်ထပ်တစ်ကြိမ် ကော့ဘ်ဇက်ဘဇားမြို့ရဲ့ အထက်တရားရုံးမှာ အာမခံထပ်မံပြီး လျှောက်ထားခဲ့လို့ အခုလိုအာမခံရရှိခဲ့တာလို့ ပြောပါတယ်။
လက်ရှိသူတို့နှစ်ဦးစလုံးဟာ ဟိုတယ်မှာပဲနေထိုင်ကာ အမှုကိုဆက်လက်ရင်ဆိုင်ကြရမှာဖြစ်ပြီး GEO သတင်းဌာနက ရှေ့နေဌားရမ်းဖို့အပါအဝင် ကုန်ကျစရိတ်အားလုံးအတွက် ထောက်ပံ့ပေးထားတယ်လို့ ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သတင်းထောက်ဗီဇာနဲ့ ဝင်ရောက်တာမဟုတ်ဘဲ အလည်အပတ်ဗီဇာနဲ့ ဝင် ရောက်ခဲ့တဲ့ သူတို့နှစ်ဦးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက သူလျှိုမှုနဲ့ ဖမ်းဆီးထားတာဖြစ်တယ်လို့ သိရပါတယ်။