လာမယ့်နှစ်ဆန်းမှာ ငလျင်ဒဏ်ခံ ခဲ့ရတဲ့ ပုဂံဘုရားတွေကို အကြီးစားပြုပြင်မှု စတင်မည်
2016.12.12

ငလျင်ဒဏ်ကြောင့် ပျက်စီးသွားတဲ့ ပုဂံဘုရားတွေထဲက အကြီးစားပြုပြင်ဖို့ လိုအပ်တဲ့ဘုရားတွေကို လာမယ့်နှစ် ဇန်နဝါရီလမှာ စတင်ပြုပြင်သွားမယ်လို့ အမျိုးသားစာကြည့်တိုက်၊ ပြတိုက်နဲ့ ရှေးဟောင်းသုတေသနဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင် က ပြောပါတယ်။
ယူနက်စကိုက ပညာရှင်တွေနဲ့ ပူးပေါင်းပြီး ပုဂံစေတီဘုရားတွေထဲက အကြီးစားပြုပြင်ဖို့ လိုအပ်တဲ့ စေတီ ၁၀ ဆူကို ပထမဦးစားပေးအနေနဲ့ ပြုပြင်သွားမှာဖြစ်တယ်လို့ ဦးသိန်းလွင် က ပြောပါတယ်။
"ဇန်နဝါရီလ ၁ ရက်နေ့ ၂၀၁၇ ခုနှစ်မှာ ဘုရားတွေ စပြင်မယ်လို့ ခန့်မှန်းထားပါတယ်။ အဲ့ဒီအတွက် ပညာရှင်တွေ နဲ့ ဘယ်လိုပြုပြင်မယ်။ ပညာရှင်တွေနဲ့ ဘယ်လိုတွေလုပ်မယ်၊ ဘယ်လိုပစ္စည်းမျိုးတွေ သုံးပြုပြီးတော့ပြင်မယ် ၊ နောက်နည်းပညာအသစ်တွေကို ဘယ်လိုအသုံးပြုပြီးပြင်မယ်၊ ဒါမျိုးတွေ ပညာရှင်တွေနဲ့ တိုင်ပင်ထားတာရှိ တယ်။ အဲ့အတိုင်းပဲ ကျွန်တော်တို့လုပ်မယ်။ အခုလည်းလုပ်နေပါပြီ ခဲ၊ သဲ ရှင်းတာတွေ အရေးပေါ်ပြုပြင် တာတွေတော့ လုပ်နေပါပြီ။ ၂၀၁၇မှာတော့ တကယ့်အကြီးစား ပြုပြင်မှုတွေလုပ်မှာပါ။"
ပထမဦးစားပေးပြုပြင်မယ့် စေတီထဲမှာ စူဠာမဏိစေတီ၊ သဗ္ဗေညု၊ လောကနန္ဒာနဲ့ တရုတ်ပြေးဘုရား စတာတွေ ပါဝင်ပါတယ်။
ဇန်နဝါရီလဆန်းကစပြီး ပထမဦးစားပေး ၁၀ ဆူ၊ ဒုတိယဦးစားပေး ၁၀ ဆူနဲ့ တတိယဦးစားပေး ၁၀ ဆူ ခွဲခြားပြီး ပြုပြင်သွားမှာဖြစ်ပါတယ်။ အသေးစားပျက်စီးမှုရှိတဲ့ စေတီပုထိုးတွေကိုလည်း စတင်ပြုပြင်နေပြီလို့ သိရပါတယ်။
ပုဂံဘုရားတွေပေါ်မှာ မင်္ဂလာပွဲအကြို ဓာတ်ပုံရိုက်တာတွေ၊ အဝတ်အစား ဆင်ယင်မှုတွေနဲ့ ပတ်သက်ပြီး စည်းကမ်းတင်းကြပ်သွားဖို့လည်း စီစဉ်နေပါတယ်။