ထီးလိုမင်းလိုဘုရားကိစ္စ ဂေါပကကို စစ်ဆေးမည်


2016.11.17
hteelominlo-vinyl-620 ရွှေပြည်တော်သို့ဆုံမှတ် ပရဟိတအသင်းက ထီးလိုမင်းလိုဘုရားမှာ ချိတ်ဆွဲထားတဲ့ ဗီနိုင်းကို တွေ့ရစဉ်
ဓါတ်ပုံ - ရွှေပြည်တော်သို့ဆုံမှတ် (facebook)

ပုဂံငလျင်ကြောင့် ပျက်စီးသွားတဲ့ စေတီတွေထဲက ထီးလိုမင်းလိုဘုရားရဲ့ စေတီအစိတ်အပိုင်းတချို့နဲ့ အရံစေတီအချို့ ထိခိုက်ပျက်စီးတာတွေကို "ရွှေပြည်တော်သို့ဆုံမှတ် ပရဟိတအသင်း"ကို ပြုပြင်ဖို့ ခွင့်ပြုပေးလိုက်တဲ့ ဂေါပကအဖွဲ့ ကို ဒီတစ်ပတ်အတွင်း စစ်ဆေးသွားမှာဖြစ်တယ်လို့  ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ပုဂံဌာနခွဲက ပြောပါတယ်။

ဘယ်ပရဟိတအဖွဲ့ကိုမှ ပုဂံစေတီဘုရားတွေကို ပြုပြင်ခွင့်မပြုထားတဲ့အတွက် တကယ်လို့ ဂေါပကအဖွဲ့ ပြုပြင် ခွင့်ပေးခဲ့တယ်လို့ စစ်ဆေးတွေ့ရှိရင်တော့ တည်ဆဲဥပဒေတွေအရ အရေးယူသွားမှာဖြစ်တယ်လို့ ရှေးဟောင်း သုတေသနနဲ့ အမျိုးသားပြတိုက်ဦးစီးဌာန ပုဂံဌာနခွဲ ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က ပြောပါတယ်။

"စပြီးတော့ စစ်ဆေးဖို့ ဒီနေ့ဆောင်ရွက်နေပါတယ်။ ကျနော်တို့ ဒီထိန်းသိမ်းရေးလုပ်ငန်းတွေက ကျနော်တို့ မဆောင်ရွက်ရသေးပါဘူးခင်ဗျ။ အခုချိန်က အရေးပေါ်ထိန်းသိမ်းရေးလုပ်ငန်းကိုပဲ ဆောင်ရွက်နေ ပါသေးတယ်။အရေးပေါ်ထိန်းသိမ်းရေးလုပ်ငန်း ဆောင်ရွက်တာမဟုတ်ဘဲနဲ့ ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်း ဆောင်ရွက်တယ်ဆိုရင်တော့ ကျနော်တို့ အရေးယူဆောင်ရွက်သွားမှာပါ။ တွေ့ရှိတယ်ဆိုရင်တော့ လက်ရှိတည်ဆဲဥပဒေတွေနဲ့ငြိစွန်းရင် ငြိစွန်းတဲ့ ဥပဒေနဲ့ အရေးယူသွားမှာပါ"

ပြီးခဲ့တဲ့ သြဂုတ်လမှာ လှုတ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ထီးလိုမင်းလိုဘုရားကို ပြုပြင်ဖို့ဆိုပြီး ငြမ်းဆင်ဆောင်ရွက်နေ တဲ့ ရွှေပြည်တော်ဆုံမှတ် ပရဟိတအသင်းကို ခွင့်ပြုချက်မရှိဘဲ ပြုပြင်တာတွေမလုပ်ဖို့ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန မနေ့က သတင်းထုတ်ပြန်ပါတယ်။

ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့ ဘုရား၊ စေတီတွေကို ပုဂ္ဂလိကတွေ၊ အဖွဲ့အစည်းတွေ၊ ဂေါပကတွေက ပြုပြင် ခွင့်မရှိဘဲ နိုင်ငံတော်က ကြီးကြပ်ပြီး ပြင်ဆင်ထိန်းသိမ်းတာတွေ လုပ်မှာဖြစ်ကြောင်းကို ဂေါပကအဖွဲ့ကို အသိပေး ထားတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ရွှေပြည်တော်သို့ဆုံမှတ် ပရဟိတအသင်းက ဘုရားမှာ ချိတ်ဆွဲထားတဲ့ ဗီနိုင်းမှာ အဂ္ဂမဟာသီရိသုဓမ္မ ဦးသိန်းစိန်နှင့် ဇနီးဒေါ်ခင်ခင်ဝင်းတို့အား အမှူးထားပြီး ၇ ရက်သားသမီး စုပေါင်းအလှူဖြင့် ဘက်စုံပြန် လည်ပြုပြင်ခြင်း လုပ်ငန်းခွင်လို့ စာသားပါရှိပါတယ်။

ပုဂံငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့ စေတီ၊ ပုထိုးပေါင်း ၃၈၉ ဆူရှိပြီး ထိခိုက်ပျက်စီးမှုပမာဏနဲ့ တန်ဖိုးပေါ် မူတည်ပြီး ပထမဦးစားပေး ၃၆ ဆူ၊ ဒုတိယဦးစားပေး ၅၃ ဆူနဲ့ တတိယဦးစားပေး ၃၀၀ ဆူတို့ကို ခွဲခြား ထားပါတယ်။

ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက တတိယဦးစားပေး စေတီ ၃၀၀ ဆူထဲက အသေးစား ထိခိုက်ပျက်စီးတဲ့ဘုရား ၂၂၄ ဆူကို ပြုပြင်ဖို့အတွက် ဝန်ကြီးဌာနကို ခွင့်ပြုချက် လျှောက်ထားဆဲဖြစ်တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။