ဧရာဝတီကျောင်းသားသပိတ် ရန်ကုန်သို့ စတင်ချီတက်
2015.02.03

အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်တဲ့ ဧရာဝတီတိုင်းက ကျောင်းသားကျောင်းသူ ၈၀ လောက်က ရန်ကုန်မြို့မှာ သပိတ်စခန်းဖွင့် ဆန္ဒပြဖို့အတွက် ပုသိမ်မြို့ကနေ ဒီနေ့ စတင် လမ်းလျှောက်ကြပါတယ်။
နောက် ၅ ရက်လောက်မှာ တခြား သပိတ်မှောက်ကျောင်းသားတွေနဲ့ ရန်ကုန်မြို့မှာ ပူးပေါင်းပြီး သပိတ်စခန်းဖွင့်ဖို့ စီစဉ်ထားတယ်လို့ ဧရာဝတီကျောင်းသား သပိတ်ခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုအောင်ခန့်ဇော်က ပြောပါတယ်။
"ကျနော်တို့ သပိတ်စတာကတော့ ၃ဝ၊ ၃၁ ပါ၊ ဒါပေမဲ့ ကျနော်တို့ ၁ ရက်နေ့မှာနားပါတယ်၊ ၃ဝ၊ ၃၁ ကလည်း ပုသိမ်မြို့ထဲကိုပဲလှည့်တာပါ၊ ဒီနေ့ ၃ ရက်နေ့ ထွက်ဖို့ပြင်ဆင်ပြီးတော့ မနက် ၁ဝ နာရီခွဲလောက်မှာ ပညာပါရမီကျောင်းကနေ စထွက်လာတာပါ၊ အနည်းဆုံး ၅ ရက်လို့ ခန့်မှန်းထားပါတယ်၊ ပင်မသပိတ်စစ်ကြောင်းနဲ့ ကျနော်တို့ပေါင်းမှာဖြစ်တဲ့အတွက် သူတို့နဲ့ကြားထဲမှာလည်း ညှိမှာပါ၊ တခြားအဖွဲ့တွေ ရန်ကုန်ရောက်မယ့်ရက်နဲ့ ကျနော်တို့ ချိန်ပြီးတော့သွားမှာပါ"
အမျိုးသားပညာရေးဥပဒေကို ကျောင်းသား ကျောင်းသူတွေနဲ့ ပြည်သူလူထုရဲ့ လိုလားချက်အတိုင်း ပြင်ဆင်ပေးမှ ဆန္ဒပြမှုတွေကို ရပ်နားပေးမှာဖြစ်ကြောင်း ဧရာဝတီကျောင်းသား သပိတ်ခေါင်းဆောင်တွေက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်နေရာကနေ ရပ်နားထားတဲ့ ထားဝယ်နဲ့ ပခုက္ကူက ကျောင်းသားကျောင်း သူတွေက မနက်ဖြန်မှာ ပြန်လည်ဆန္ဒပြကြမှာဖြစ်ပါတယ်။
ပင်မသပိတ်လမ်းကြောင်းဖြစ်တဲ့ မန္တလေးမြို့ကနေ ထွက်လာတဲ့ ကျောင်းသား ကျောင်းသူ ၁၀၀ ကျော်ဟာ ဒီနေ့ မကွေးမြို့ထဲက ကောလိပ်နဲ့ တက္ကသိုလ်တွေမှာ လှည့်လည်ဆန္ဒပြနေကြပါတယ်။
အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေးအတွက် လေးပွင့်ဆိုင်ဆွေးနွေးပွဲကို အစိုးရက ရက်အကန့်အသတ် မရှိ ရွှေ့ဆိုင်းလိုက်တာနဲ့ ပတ်သက်ပြီး သပိတ်မှောက်ချီတက် ကျောင်းသားတွေရဲ့ သဘောထားအမြင်တွေနဲ့ သပိတ်စစ်ကြောင်းတွေရဲ့ လှုပ်ရှားမှုတွေအကြောင်း ဒေါ်ခင်ခင်အိက စုစည်းတင်ပြထားပါတယ်။