ရွှေကူနဲ့ ကသာမြို့မှာ ဧရာဝတီမြစ်ရေ စိုးရိမ်ရေအမှတ်ရောက်နိုင်


2020.07.13
shweku-flooding-622 ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့ အမှတ်(၄) ရပ်ကွက်တွင် ဧရာဝတီမြစ်ရေ မြင့်တက်နေတာကို မြင်တွေ့ရစဉ်
Photo: MRTV

ဧရာဝတီမြစ်ရေဟာ ရွှေကူနဲ့ ကသာမြို့တွေမှာ စိုးရိမ်ရေအမှတ်ကို ရောက်နိုင်တာကြောင့် စောင့်ကြည့်၊ သတိပေးတာတွေ လုပ်နေကြပါတယ်။

ပြီးခဲ့တဲ့ တစ်ပတ်အတွင်းမှာ မြန်မာနိုင်ငံ အထက်ပိုင်းမှာ မိုးများတာကြောင့် ဧရာဝတီမြစ်ရေ မြင့်တက်လာပြီး ကချင်ပြည်နယ် ရွှေကူမြို့နဲ့ စစ်ကိုင်းတိုင်း ကသာမြို့တွေမှာ နှစ်ရက်အတွင်း စိုးရိမ်ရေမှတ်ကို ရောက်နိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ဒါပေမဲ့ နောက်ထပ်မိုးရွာတာ နည်းသွားတဲ့အတွက် စိုးရိမ်ရေမှတ်မှာ တစ်ရက်၊ နှစ်ရက်လောက်ပဲ ကြာနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောပါတယ်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာတော့ ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်ကို မရောက်ခဲ့ပေမယ့် လယ်ကုန်းရပ်ကွက်ကို ရေဝင်တာကြောင့် နေအိမ်တွေကနေ ရွှေ့ပြောင်းခဲ့ရတဲ့ မိသားစု ၃၀ ကျော် ရှိတယ်လို့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးတူးလွမ်က ပြောပါတယ်။

မြေအနိမ့်ပိုင်းဖြစ်ပြီး ရေကြီးရင် ဒုက္ခအခံရဆုံးနေရာတွေ ဖြစ်တာကြောင့် ရေကြီးမှာကို စိုးရိမ်ပြီး ဇူလိုင် ၁၁ ရက်နေ့ ညနေက ရောက်လာကြတာဖြစ်တယ်လို့ ဦးတူးလွမ်က ပြောပါတယ်။

ဒီနေ့မှာတော့ ရေပြန်ကျသွားတဲ့အတွက် တချို့မိသားစုတွေ အိမ်ပြန်သွားကြပြီလို့လည်း ပြောပါတယ်။

ကချင်ပြည်နယ် ရွှေကူမြို့မှာလည်း ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်ကို ရောက်နိုင်တာကြောင့် ရေနစ်မြုပ်နိုင်တဲ့ နေရာတွေကို စာရင်းကောက်ယူနေတယ်လို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဦးယုက ပြောပါတယ်။

စစ်ကိုင်းတိုင်း ကသာမြို့မှာတော့ အရင်နှစ်တွေက ရေကြီးနစ်မြုပ်လို့ ကျေးရွာပေါင်း ၄၀ ကျော် ရေဘေးဒဏ်ခံခဲ့ရပြီး လူတွေ၊ ကျွဲ၊ နွားတွေကို စက်လှေတွေနဲ့ ရွှေ့ပြောင်းပေးခဲ့ရတာတွေ ရှိပါတယ်။

ဒီနှစ်မှာတော့ စိုးရိမ်ရေမှတ် ရောက်နိုင်မယ့်နေရာတွေကို သတိထားစောင့်ကြည့်နေတယ်လို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီညီထွန်းက ပြောပါတယ်။

ကသာခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနကလည်း မြစ်ကမ်းတစ်လျှောက်   နေအိမ်တွေကို ရေဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန် အသိပေးနှိုးဆော်နေတယ်လို့ ဆိုပါတယ်။

နောက်ထပ်မိုးရွာတာ နည်းသွားတဲ့အတွက် ဧရာဝတီမြစ်ရေဟာ ကသာနဲ့ ရွှေကူမြို့တွေမှာသာ စိုးရိမ်ရေမှတ်ကို ရောက်နိုင်ပေမယ့် မြစ်အောက်ပိုင်းဒေသတွေဖြစ်တဲ့ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတွေမှာတော့ နောက်ထပ် ရက် ၂၀ အတွင်း စိုးရိမ်ရေမှတ်ကို မရောက်နိုင်သေးဘူးလို့ မိုးလေဝသနဲ့ ညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက RFA ကိုပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။