လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးကို စွဲထားတဲ့အမှု တရားရုံးပလပ်


2018.03.07
ayeyarwaddy-parliament-622.jpg ဧရာတီတိုင်းဒေသကြီး လွှတ်တော် ကို တွေ့ရစဉ်
Photo: RFA

နစ်နာကြေးငွေကျပ် သိန်းပေါင်း ၂ သောင်းရလိုမှုနဲ့ တရားစွဲဆိုခံထားရတဲ့ ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ၂ ဦးနဲ့ ဌာနဆိုင်ရာ တာဝန်ရှိသူတွေရဲ့ အမှုကို တရားရုံးစရိတ် ကင်းလွတ်ခွင့်နဲ့ ဧရာဝတီတိုင်း တရားလွှတ်တော်က ဒီကနေ့ ပလပ်ပေးလိုက်ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဌာနဆိုင်ရာ တာဝန်ရှိသူတွေက တာဝန်အရ လုပ်ဆောင်တာဖြစ်တဲ့အတွက် စွဲချက်မမှန်ကန်လို့ ပလပ်လိုက်တာဖြစ်တယ်လို့ တရားစွဲဆိုခံခဲ့ရတဲ့ ညောင်တုန်းမြို့နယ် တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဆန်း က ပြောပါတယ်။

"စရိတ်ကင်းလွတ်ခွင့်နဲ့ ပယ်ဖျက်လိုက်တာပေါ့နော်၊ ပလပ်လိုက်တာပေါ့၊ အကြောင်းရင်းက သူစွဲဆိုထားတဲ့ ဟာတွေက မခိုင်လုံဘူးပေါ့၊ ကြောင်းကျိုးမလျော်ဘူးပေါ့နော်၊ ကျနော်တို့က ဌာနဆိုင်ရာတွေရော လွှတ်တော် ကိုယ်စားလှယ်တွေရောက အစိုးရရဲ့ ပြဋ္ဌာန်းခန့်အပ်ထားတဲ့ တာဝန်ပေးချက်အရ လုပ်ထုံးလုပ်နည်းအရ လုပ်တဲ့အတွက် ဒါတွေကမခိုင်လုံဘူးပေါ့နော်၊ တိုင်းတရားလွှတ်တော်ရုံးမှာတော့ ရင်မဆိုင်ရတော့ဘူးပေါ့၊  သူ့ဘက်ကတော့ အယူခံတက်မလားတော့ မသိသေးဘူး"

ညောင်တုန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ၂ ဦးနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးအပါအဝင် ဌာနဆိုင်ရာ ဝန်ထမ်း ၇ ဦးကို ပင်လုံရတနာဖွံ့ဖြိုးရေးကုမ္ပဏီ က တရားမကြီး ဥပဒေပုဒ်မ ၄ နဲ့ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။

မြေယာပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ တိုင်ကြားချက်တွေအရ အဲဒီကုမ္ပဏီရဲ့ ငါးကန်မြေကို သွားရောက်စစ်ဆေးခဲ့တဲ့ အတွက် နစ်နာမှုတွေရှိတယ်ဆိုပြီး တရားစွဲဆိုထားတာ ဖြစ်ပါတယ်။

အဲဒီအမှုနဲ့ပတ်သက်ပြီး ဒီကနေ့ ရုံးချိန်း ၁၂ ချိန်းမြောက်မှာ ပလပ်ပေးလိုက်တာလည်း ဖြစ်ပါတယ်။ ဒီနေ့ တရားမကြီး ဥပဒေပုဒ်မ ၄ နဲ့ တရားစွဲဆိုထားတာကို ဒီနေ့ ပလပ်ပေးလိုက်ပေမယ့် တိုင်းလွှတ်တော်ကိုယ်စားလှယ် ၂ ဦး၊ မြို့နယ်မြေစာရင်းဦးစီးမှူးနဲ့ ငါးလုပ်ငန်းဦးစီးမှူးတို့ ၄ ဦးကို ပင်လုံရတနာဖွံ့ဖြိုးရေးကုမ္ပဏီက တရားမကျင့်ထုံး ဥပဒေပုဒ်မ ၈၀ နဲ့ တရားစွဲထားကြောင်း အကြောင်းကြားစာတစ်စောင် မနေ့က ထပ်မံပေးပို့လာတယ်လို့ ဦးကျော်ဆန်းက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။