ကျားဖောင်ရေလုပ်သား ၄၈ ဦး ပျောက်ဆုံးနေဆဲ
2017.12.24
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့က ရေမိုင် ၂၂ မိုင်အကွာ ပင်လယ်ပြင်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက လေပြင်းတိုက်ခတ် ခဲ့တာကြောင့် ကျားဖောင် ၈၀ ကျော် နဲ့ ရေလုပ်သား ၂၅၀ ကျော်ရေထဲမျောပါ သွားခဲ့ရာ ဒီနေ့အထိ ရေလုပ်သား ၂၁၀ ကို ပြန်လည်ဆယ်ယူရရှိထားတယ်လို့ ဖျာပုံမြို့နယ် ငါးလုပ်ငန်းဦးစီးဌာန ဦးစီးမှူးက ပြောပါတယ်။
ကျားဖောင် ၁၇ ဖောင် နဲ့ ရေလုပ်သား ၄၈ ယောက်ကိုတော့ လက်ရှိအချိန်အထိ ရှာဖွေနေဆဲဖြစ်တယ်လို့ ဖျာပုံမြို့နယ် ငါးလုပ်ငန်းဦးစီးဌာန ဦးစီးမှူး ဒေါ်ဝါဝါသိန်း က ပြောပါတယ်။
"ရှာဖွေဆဲကတော့ ၁၇ ဖောင်၊ ၂၅၈ ယောက်မှာ ပြန်ဆယ်ရရှိတဲ့ရေလုပ်သားက ၂၁၀ ပြန်ရပြီပေါ့နော်၊ ၄၈ ယောက် က ရှာဖွေဆဲ"
လေပြင်းကြောင့် လုပ်ငန်းရှင် ၁၁ ဦးရဲ့ကျားဖောင် ၈၆ ဖောင် ရေထဲမျောပါသွားခဲ့ရာမှာ ၁၅ ဖောင် ပျက်စီးသွားပြီး ၅၄ ဖောင် ကို ပြန်ရှာဖွေတွေ့ရှိ ထားတာလည်း ဖြစ်ပါတယ်။
လက်ရှိအချိန်အထိ လုပ်ငန်းရှင် ၅ ဦးရဲ့ဖောင်တွေကို အားလုံးပြန်ရထားပြီဖြစ်ပေမယ့် လုပ်ငန်းရှင် ၆ ဦး ရဲ့ဖောင်တွေ ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ ဒေါ်ဝါဝါသိန်း က ပြောပါတယ်။
ပျောက်ဆုံးနေသူတွေကို လုပ်ငန်းရှင်တွေ၊ ကျွမ်းကျင်ရေလုပ်သားတွေ၊ နယ်မြေခံ ရဲတပ်ဖွဲ့ နဲ့ မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူတွေက ရှာဖွေမှုတွေ ပြုလုပ်နေပါတယ်။
မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက တောင်တရုတ်ပင်လယ်မှာ ဖြစ်ပေါ်နေတဲ့ တိုင်ဖွန်းမုန်တိုင်း "တမ်ဘင်" ဟာ ဗီယက်နမ်ကမ်းခြေကို လာမယ့် ၂၆ ရက်နေ့မှာ ဖြတ်ကျော်ဝင်ရောက်ပြီး၊ လေပွေလှိုင်းတွေအဖြစ် အနောက်ဘက်ကို ဆက်လက်ရွေ့လျားမှာ ဖြစ်တယ်လို့ ဒီကနေ့ ထုတ်ပြန်ကြေညာထားပါတယ်။
အဲဒီလေပွေလှိုင်းတွေရဲ့ အရှိန်ကြောင့် အချိန်အခါ မဟုတ်မိုးရွာတာ၊ မိုးထစ်ချုန်းတာတွေနဲ့အတူ လေပြင်းတိုက်ခတ် တာတွေကို ကြိုတင်သတိပြုနိုင်ဖို့လည်း သတိပေးကြေညာထားပါတယ်။