မော်လမြိုင်ကျွန်းမြို့နယ်က လယ်သမား ၇ ဦးကို ပိုင်နက်ကျူးကျော်မှုနဲ့ ရုံးထုတ်
2013.07.16
ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ရာဇူတိုင်ကျေးရွာအုပ်စု၊ ကညင်ချောင်းကျေးရွာက လယ်သမား ၇ ဦးကို သိမ်းယူထားတဲ့ လယ်ယာမြေတွေမှာ ထွန်ယက်စိုက်ပျိုးလို့ဆိုပြီး ပိုင်နက်ကျူးကျော်မူ ပုဒ်မ (၄၄၇)၊(၄၂၇)၊ (၅၀၆)စတဲ့ ပုဒ်မတွေနဲ့ တရားစွဲဆိုထားရာမှာ ဒီကနေ့ မော်လမြိုင်ကျွန်း မြို့နယ် တရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။
လယ်သမားတွေရဲ့ရုံးချိန်းမှာ တရားသူကြီးက တစ်ဖက်သတ်စစ်ဆေးခဲ့တယ်လို့ လယ်သမားတွေကို ကူညီဆောင်ရွက်ပေးနေတဲ့ မော်လမြိုင်ကျွန်းမြို့နယ် တောင်သူလယ်သမား ရေလုပ်သားသမဂ္ဂအဖွဲ့က ဦးဝင်းအောင်က RFA ကို ပြောပါတယ်။
"သူတို့ဘက်က သက်သေတွေခေါ်ပြီးတော့ မမှန်ကန်တဲ့ စကားတွေထွက်ပြီး စစ်ဆေးတယ်၊ သမဂ္ဂအဖွဲ့က ကောက်စိုက်တဲ့နေရာမှာ မြန်မာ့လူမူဘဝ ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက် နဲ့ တောင်သူလယ်သမား ရေလုပ်သားဖွံ့ဖြိုးတိုးတက်ရေးသမဂ္ဂဆိုပြီး ကောက်စိုက်တယ်၊ အဲဒါကို သူတို့ဘက်က သက်သေက အလံမှာစာလုံးတောင် မှန်မှန်ကန်ကန် မထွက်ဆိုနိုင်ဘဲနဲ့ ၂၄ ရက်နေ့ကို ပြန်ပြီးတော့ ရုံးချိန်းလိုက်တယ်"
လွန်ခဲ့တဲ့ ၁၉၉၈ ခုနှစ်ကစပြီး လယ်သမား ၁၅ ဦးပိုင်ဆိုင်တဲ့ လယ်ယာမြေဧက ၁၅ဝ ကျော်ကို ကျေးရွာအုပ်ချုပ်ရေးမှူးက တာဝန်ကျေစပါး မပေးနိုင်လို့ဆိုပြီး လျော်ကြေးမပေးပဲ သိမ်းယူခဲ့တာလို့ တောင်သူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့လအတွင်းကတော့ အဲဒီတောင်သူ ၁၅ ဦးက အသိမ်းခံထားရတဲ့ လယ်ယာမြေတွေပေါ်မှာ ထွန်ယက်ခဲ့တာပါ။
ကျေးရွာအုပ်ချုပ်ရေးမှူးက ထွန်ယက်စိုက်ပျိုးတာမလုပ်ဖို့ သတိပေးခဲ့ပေမယ့် လယ်သမား ဦးဝင်းအောင်၊ ဦးအောင်သိန်း၊ဦးမောင် အပါအဝင် လယ်သမား ၇ ယောက်က အမိန့်ဖီဆန်ခဲ့တာကြောင့် အခုလိုတရားစွဲခံထားရတာလို့သိရပါတယ်။
ဒီနေ့ တရားရုံးချိန်းမှာတော့ လယ်သမားတွေကို အာမခံနဲ့ လွှတ်ပေးလိုက်ပြီး လာမယ့် ၂၄ ရက်နေ့မှာ ရုံးချိန်းပြန်ချိန်းလိုက်တယ်လို့ သိရပါတယ်။