လမ်းပိတ်ဆို့မှုနဲ့ တရားစွဲဆိုခံထား ရတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဒေါ်အေးမြမြမျိုး အမှုအနိုင်ရ
2016.11.28

ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုး ကို ဝန်ကြီးဟောင်း ဦးအုန်းမြင့် ကိုယ်စားလှယ် ဦးမျိုးချစ် က လမ်းပိတ်ဆို့မှု ပုဒ်မ ၃၄၁နဲ့ တရားလိုပြု တရားစွဲဆိုထားတဲ့အပေါ် ဒီနေ့ ကျောက်တန်းမြို့နယ် တရားရုံးက ဒေါ်အေးမြမြမျိုး မှာ အပြစ်မရှိကြောင်း ဆုံးဖြတ်လိုက်ပါတယ်။
တမင်ရည်ရွယ်ချက်နဲ့ လမ်းပိတ်ဆို့တယ်ဆိုတဲ့ သက်သေကို တရားလိုဘက်က မပြနိုင်တဲ့အတွက် ဒေါ်အေးမြမြမျိုး ကို အပြစ်မရှိဘူးလို့ အဆုံးအဖြတ်ပေးလိုက်တာဖြစ်တယ်လို့ ဒေါ်အေးမြမြမျိုး အမှုကို လိုက်ပါဆောင်ရွက်ပေးနေ တဲ့ ရှေ့နေ ဦးအောင်သိန်း က ပြောပါတယ်။
" အေးမြမြမျိုးမှာ အပြစ်မရှိဘူးလို့ ဆုံးဖြတ်တယ်၊ ဘာလို့လဲဆိုတော့ ဒါရွေးကောက်ပွဲကာလမှာ အပြိုင်အဆိုင် လုပ်ကြတဲ့နေရာမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ သဘောသဘာဝလည်းဖြစ်တယ်ပေါ့၊ တမင်ရည်ရွယ်ချက်နဲ့ ပိတ်ဆို့ မှုတွေ ဖြစ်အောင်လုပ်တယ်လို့ တရားလိုဘက်ကလည်း တစ်ယောက်မှ မထွက်နိုင်ဘူး၊ ဒါ့ကြောင့် ဒီအမှုက မှားယွင်းတဲ့ အမှုဆိုပြီး အဆုံးအဖြစ်ပေးလိုက်တာပါ"
ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲကာလမှာ မဲဆွယ်စည်းရုံးနေစဉ် ဒေါ်အေးမြမြမျိုး က ဝန်ကြီးဟောင်း ဦးအုန်းမြင့် တို့အဖွဲ့ကို ဖြတ်သန်းသွားလာခွင့်မရအောင် လမ်းပိတ်ဆို့ထားခဲ့ပါတယ်ဆိုပြီး ဦးအုန်းမြင့် ရဲ့ ကိုယ်စားလှယ် ဦးမျိုးချစ် က ပြီးခဲ့တဲ့ ၂၀၁၅ခုနှစ် နိုဝင်ဘာ ၁၁ ရက်နေ့က လမ်းပိတ်ဆို့မှု ပုဒ်မ ၃၄၁ နဲ့ ကျောက်တန်းမြို့မ ရဲစခန်းမှာ အမှုဖွင့် တိုင်ကြားထားတာဖြစ်ပါတယ်။
ဒါ့အပြင် အဲဒီအမှုကို ရွေးကောက်ပွဲကော်မရှင်ရုံးကိုလည်း တိုင်ကြားခဲ့တဲ့အပေါ် ပြီးခဲ့တဲ့ အောက်တိုဘာလ မှာ ရွေးကောက်ပွဲကော်မရှင်က အဲ့ဒီအမှုကို ပလပ်လိုက်ပါတယ်။