သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ဒီမိုကရေစီမိတ်ဆွေ (၁၀ ) ပါတီ ခေါင်းဆောင်များနှင့် တွေ့ဆုံ
2012.06.06

ဒီမိုကရေစီမိတ်ဆွေပါတီ (၁၀) ပါတီက ပါတီခေါင်းဆောင်တွေက လက်ရှိမြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ လယ်သမားအရေး၊ အလုပ်သမားအရေး၊ လူမျိုးရေးပဋိပက္ခ စတာတွေနဲ့ ပတ်သက်ပြီး သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးနဲ့ ဆွေးနွေးကြတယ်လို့ သိရပါတယ်။
ဒီကနေ့ တွေ့ဆုံပွဲနဲ့ ပတ်သက်ပြီး ဒီမိုကရက်တစ်ပါတီ မြန်မာပြည်ရဲ့ဥက္ကဋ္ဌ ဦးသုဝေက -
" ကျွန်တော်က ပြောပြတယ်လေ။ ဥပမာ လယ်သမားတွေဆိုလို့ရှိရင် လယ်လုပ်နေရတာတွေဟာ သူတို့ရတဲ့ငွေနဲ့ သုံးရတဲ့ငွေနဲ့ မမျှဘူး။ အရှုံးပေါ်နေတယ်။ အလုပ်သမားတွေဆိုရင်လည်း သူတို့လုပ်ခလစာ နည်းတဲ့အတွက်ကြောင့်မို့လို့ သူတို့ဆန္ဒပြတာရှိတယ်။ အဲတာတွေကတော့ ကျွန်တော်တို့ ဖြေရှင်းရဦးမယ်ပေါ့နော်။ ဒါတွေကတော့ ဒီပြဿနာလေးတွေအပြင် အခြားသောကြီးမားတဲ့ ပြဿနာတွေလည်း ရှိတယ်ပေါ့နော်။ စီးပွားရေးတိုးတက်အောင်လုပ်တဲ့ ပြဿနာတွေ၊ ငြိမ်းချမ်းရေးပြဿနာတွေ အဲတာတွေကိုတော့ ကျွန်တော်တို့က စိတ်ရှည်ရှည်နဲ့ ထားပြီးရှင်းရမယ်။ ဒါပေမဲ့ တိုင်းပြည်အခြေအနေကလည်း မငြိမ်မသက်ဖြစ်နေသေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ ခုနက ရခိုင်အရေးကိစ္စတွေရှိတယ်။ နောက်ပြီးတော့ မနေ့ကနဲ့ ဒီနေ့ သတင်းစာထဲမှာရေးတဲ့ ဆောင်းပါး နှစ်ပုဒ်ကလည်းပဲ သိတ်မကောင်းဘူးပေါ့နော်"
သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံပွဲကို အမျိုးသားဒီမိုကရေစီ အင်အားစု NDF ပါတီ၊ ဒီမိုကရက်တစ်ပါတီမြန်မာပြည်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP၊ ချင်းအမျိုးသား တိုးတက်ရေးပါတီ အပါအဝင် နိုင်ငံရေးပါတီ ၈ ခုက ခေါင်းဆောင်တွေ တက်ရောက်ကြတယ်လို့ သိရပါတယ်။
သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Mr. Bob Carr က တိုင်းရင်းသားပါတီခေါင်းဆောင်တွေ၊ အခြားအတိုက်အခံပါတီ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ SNLD ပါတီ ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးကို RFA ကိုဉာဏ်ဝင်းအောင်က ဆက်သွယ် မေးမြန်းထားတာ နားဆင်နိုင်ပါတယ် ။
![]() |
ဆက်သွယ်မေးမြန်းချက်။ |
![]() |
အသံဖိုင်ယူရန်။ |