သားဖြစ်သူကို ဒေါ်အောင်ဆန်းစုကြည် လေဆိပ်မှာကြိုဆို

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က (၁၀) နှစ်ကျော်ကြာ ခွဲခွါနေခဲ့ရတဲ့ သူ့သားငယ် ကိုထိန်လင်း (ခေါ်) ကင်မ်အဲရစ်ကို ရန်ကုန် နိုင်ငံတကာ လေဆိပ်မှာ ဒီကနေ့ မနက်က ကိုယ်တိုင်သွားရောက် ကြိုဆိုခဲ့ပါတယ်။

2010.11.23
assk_greets_son_305(2)_z.jpg နိုဝင်ဘာလ ၂၃ ရက်နေ့က သားဖြစ်သူ ကိုထိန်လင်း (ခေါ်) ကင်မ်အဲရစ်ကို ရန်ကုန် နိုင်ငံတကာ လေဆိပ်မှာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်သွားရောက် ကြိုဆိုနေပုံ။ ဓါတ်ပုံ - RFA
RFA

သားအမိ နှစ်ယောက် ပြန်လည်ဆုံတွေ့ကြတဲ့ မြင်ကွင်းကို ပြည်တွင်း/ပြည်ပ သတင်းထောက်တွေကရော  တာဝန်ကျ အစိုးရလုံခြုံရေး ဝန်ထမ်းတွေကပါ ဓါတ်ပုံ ဗွီဒီယို မှတ်တမ်း ရိုက်ယူကြတယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ သားငယ်ဖြစ်သူ ကိုထိန်လင်းတို့ ပြန်လည်ဆုံတွေ့တဲ့ မြင်ကွင်းကို ကြည့်ရင်း လေဆိပ်ထဲမှာရှိတဲ့ ခရီးသွားလာသူတွေရော၊ သတင်းသမားနဲ့ လုံခြုံရေးတွေပါ ဝမ်းသာ ကြည်နူးခဲ့ကြတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအတွက် လိုက်ပါ ဆောင်ရွက်နေသူ တဦးက RFA ကို အခုလို ပြောပြပါတယ်။

"သားအမိ နှစ်ယောက်တွေ့ကြတော့ ကျနော်တို့လည်း အရမ်းခံစားရပါတယ်။  လေဆိပ်လာကြိုတဲ့သူတွေရော အာလုံးဘဲ ဝမ်းသာကြပါတယ်။ သားအမိနှစ်ယောက် တွေ့တဲ့ အတွေ့ကိုပေါ့။ အနီးပတ်ဝန်းကျင်မှာ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကလည်း အရမ်းများနေတော့လေ။ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကလည်း အားလုံး ဝိုင်းဝန်း ကူညီပါတယ်။"

ဒေါ်အောင်ဆန်းစုကြည်ကို တွေ့တွေ့ချင်း သားငယ် ကိုထိန်လင်းက NLD ပါတီရဲ့ အလံပုံကို သူ့ဘယ်ဘက်လက်မောင်းမှာ ရေးထိုးထားတာကို ပြသခဲ့ကြောင်း သိရပါတယ်။

အသက် (၃၃) နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကိုထိန်လင်းဟာ မိခင်ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရနိုင်ဖို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ရက်အတော်ကြာ ပြည်ဝင်ခွင့်ဗီဇာ စောင့်ဆိုင်းနေခဲ့ရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က သားကိုထိန်လင်းကို သွားရောက်ကြိုဆိုတဲ့ မြင်ကွင်းနဲ့ ပတ်သက်ပြီး ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ လိုက်ပါသွားတဲ့ သူမအတွက် လုံခြုံရေး တာဝန်ယူထားသူ တဦးကို ကိုဉာဏ်ဝင်းအောင်က ဆက်သွယ် မေးမြန်းထားပါတယ်။


ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။