အချိန်တန်ဖိုးထားဖို့ ဒေါ်အောင်ဆန်းစုကြည် ပြောဆို
2012.07.26

ဒီကနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေး ခေတ္တ ရပ်နားချိန်မှာ သတင်းထောက်တွေကို ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့တာပါ။
"အမှန်ပြောရရင်တော့ ကျွန်မကတော့ တိုတိုနဲ့ လိုရင်းပဲ ကြိုက်တယ်။ တိုတိုနဲ့ လိုရင်းဆိုတာ နားလည်လို့လည်း လွယ်တယ်။ နောက်ပြီးတော့ လွှတ်တော်ရဲ့ အချိန်တွေလည်း အလကားသက်သက် မကုန်ဘူးပေါ့။ ပြောစရာ ရှိတာတော့ အချိန်ယူပြော ရမှာပေါ့။ ဒါပေမဲ့ မလိုအပ်ဘဲနဲ့ အရှည်ကြီး ပြောတာတော့ ဒါ အလုပ်တွေလည်း မပြီးဘူးပေါ့နော်။ အလုပ်တွေက တနေ့နဲ့ တနေ့ မပြီးဘူး ဖြစ်နေတယ်"
NLD ပါတီ ကိုယ်စားလှယ်တွေ အနေနဲ့ လွှတ်တော်မှာ ပြောဆိုကြတဲ့ အချက်တွေနဲ့ ပတ်သက်ပြီး ပြန်လည်သုံးသပ် ညှိနှိုင်းဖို့ ရှိကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုတယ်လို့ သိရပါတယ်။
တိုင်းရင်းသားအရေးနဲ့ ပတ်သက်ပြီး မနေ့က ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ လွှတ်တော် ကိုယ်စားလှယ် ဦးတီခွန်မြတ် တင်သွင်းတဲ့ အဆိုကို NLD ကိုယ်စားလှယ်တွေ ဝင်ရောက် ဆွေးနွေးခဲ့ရာမှာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက သတိပေး ပြောကြားမှုတွေ ရှိခဲ့တာနဲ့ ပတ်သက်ပြီး အခုလို ပြောကြားတာ ဖြစ်ကြောင်း သိရပါတယ်။