၂၀၁၂ လယ်ယာမြေဥပဒေ ကို ပြင်ဆင်ပေးဖို့ တောင်သူ လယ်သမားသမဂ္ဂ တောင်းဆိုမည်


2014.06.28
farmers_planting_rice_305px.jpg ရေသွင်း လယ်ကွင်းတခုတွင် ပျိုးပင်များ စိုက်နေသော လယ်သူမများ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

၂၀၁၂ခုနှစ် လယ်ယာမြေဥပဒေ ပြဌာန်းချက်ထဲက လယ်ယာမြေလုပ်ပိုင်ခွင့်အပေါ် ကန့်သတ်ထားတဲ့ အချက်၁၅ ချက်ကို ပယ်ဖျက်ပြင်ဆင်ပေးဖို့ သမ္မတနဲ့ လွှတ်တော်ဆီ်ကို မြန်မာနိုင်ငံ တောင်သူလယ်သမားနဲ့ စိုက်ပျိုးရေးအလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် AFFM က တင်ပြတောင်းဆိုသွားမယ်လို့ သိရပါတယ်။

အခုလိုတင်ပြတောင်းဆိုဖို့ကို ဒီနေ့ ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ အလုပ်သမားစုပေါင်းရုံးမှာပြု လုပ်တဲ့ မြန်မာနိုင်ငံ တောင်သူလယ်သမားနဲ့ စိုက်ပျိုးရေးအလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် AFFMရဲ့ ညီလာခံကို တက်ရောက်လာကြတဲ့ နယ်ဒေသပေါင်းစုံ က လယ်သမားကိုယ်စားလှယ်တွေနဲ့ AFFM သမဂ္ဂ အဖွဲ့ဝင်တွေ ညှိနှိုင်းဆွေးနွေးပြီး  ဆုံးဖြတ်ခဲ့ကြတာဖြစ် ပါတယ်။

မြန်မာနိုင်ငံ တောင်သူလယ်သမားနဲ့ စိုက်ပျိုးရေးအလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် AFFM က ဥက္ကဌ ဦးသန်းဆွေက ဒီအကြောင်းအခုလို ပြောပြပါတယ်။

"လယ်ယာမြေလုပ်ပိုင်ခွင့်ဆိုတဲ့ ပုံစံခွန်ကို တရားဝင်ရောင်းဝယ်ပေါင်ခွင့်၊ လဲလှယ်ခွင့်၊ ချေးငှားခွင့်ရှိတယ်လေ၊ အဲဒါကို သက်ဆိုရာမြို့နယ် မြေစာရင်းဌာနမှာ မှတ်ပုံတင်ပြီးမှ လုပ်ခွင့်ရတယ်၊ အဲဒါတွေဟာမလိုပဲနဲ့ ပြဌာန်းထား တဲ့ ဥပဒေဖြစ်တယ်၊ ဒါတွေဖျက်ပစ်ရမယ်၊ သမ္မတဆီကိုရော၊ ပြည်ထောင်စုလွှတ်တော်ကိုရော၊ ပြည်သူ့ လွှတ်တော်ကိုရော၊ အမျိုးသားလွှတ်တော်ကိုရော တင်ပြတောင်းဆိုသွားမယ်"

၂၀၁၂ခုနှစ် လယ်ယာမြေဥပဒေပါ ပုဒ်မ(ခ)မှာ လယ်ယာမြေနဲ့စပ်လျဉ်းပြီး မြေခွန်နဲ့ တခြားအခွန်တွေ ပေးဆောင် ရမယ်ဆိုတဲ့အချက်မှာ တခြားအခွန်အခဆိုတဲ့စာသားဟာ အဓိပ္ပါယ်မရှင်းတဲ့အတွက် ပယ်ဖျက်ပေးဖို့လိုတယ် လို့ တောင်းဆိုမှာဖြစ်တယ်လို့ သိရပါတယ်။

လယ်ယာမြေပိုင်ဆိုင်မှုမှာ မြန်မာဓလေ့ထုံးတမ်းအရ လင်မယားတူတူပိုင်တယ်လို့ ပါရှိပေမယ့် အိမ်ထောင်ဦးစီး အမျိုးသားကိုပဲ ဦးပိုင်အမည်ထည့်သွင်းလေ့ရှိတာဟာ ရောင်းဝယ်ပေါင်နှံခြင်းနဲ့ အမွေခွဲပေးကမ်းတဲ့အခါမှာ နစ်နာတာတွေ ဖြစ်နေတဲ့အတွက် လယ်ဦးပိုင်အမည်ကို အမျိုးသား၊ အမျိုးသမီး နာမည်တွဲထည့်ပေးဖို့ နည်းဥပဒေမှာ ပြင်ဆင်ပေးသင့်ကြောင်းစတဲ့ အချက်၁၅ ချက် ပါဝင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။