အာရှ လစ်ဘရယ်ဒီမိုကရက်တစ် အမတ်များ ဒေါ်အောင်ဆန်းစုကြည်ကိုတွေ့ဆုံ
2011.01.31

အာရှနိုင်ငံအသီးသီးက လွှတ်တော် ကိုယ်စားလှယ် စုစုပေါင်း ၉ ဦးကို CALD ရဲ့ ဥက္ကဋ္ဌ ဖြစ်သူ သီရိလင်္ကာနိုင်ငံက လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ရာဂျီဘာ ဝိဂျက်ဆင်ဟာက ဦးဆောင် လာရောက် တွေ့ဆုံတာဖြစ် ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ CALD အဖွဲ့နဲ့ တွေ့ဆုံ ဆွေးနွေးတဲ့ကိစ္စ နဲ့ ပတ်သက်ပြီး NLD ရဲ့ ပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်က အခုလို ရှင်းပြပါတယ်။
“ဆွေးနွေးရတဲ့ အကြောင်းအရာတွေကတော့ အာရှဒေသမှာ ဒီမိုကရေစီ ပိုမို ဖွံ့ဖြိုးရေးအတွက်၊ တိုးချဲ့ ဖွံ့ဖြိုးလာရေးအတွက် ကျွန်တော်တို့ ဒီမိုကရေစီ ကြိုးပမ်းသူချင်း ကွန်ရက်သဖွယ် ဆက်နွယ်ပြီးတော့ပေါ့ဗျာ၊ နိုင်ငံရေး ကွန်ရက်ကြီးတခု ဖွဲ့ပြီးတော့ ကြိုးပမ်းရင် ပိုပြီးတော့ လျင်လျင်မြန်မြန်နဲ့ အောင်မြင်မှုတွေ တိုးပြီးတော့ ရလိမ့်မယ်လို့ သူတို့ အဲဒီလို ရည်ရွယ်ပြီး ဆွေးနွေးတာလို့ ဆိုပါတယ်။ အထွေထွေ အတွင်းရေးမှူးကိုလည်း သူတို့ရဲ့ စိတ်ကူးတွေ စိတ်သန်းတွေပေါ့၊ သူတို့ တင်ပြချင်တဲ့ သူတို့ နိုင်ငံရေး အခြေအနေတွေကို တင်ပြတယ်။ အထွေထွေ အတွင်းရေးမှူးကလည်း စိတ်ပါဝင်စားစွာ မြန်မာနိုင်ငံ အခြေအနေတွေကို ပြန်လည် ဆွေးနွေးတယ်လို့ သိရပါတယ်။”
ဒေါ်အောင်ဆန်းစုကြည်နဲ့ အာရှ လွှတ်တော် ကိုယ်စားလှယ်တွေ ၄ နာရီလောက်မှာ စတင် တွေ့ဆုံစကား ပြောခဲ့ပြီး ညနေ ၅ နာရီခွဲလောက်မှာ ပြီးဆုံးခဲ့ပါတယ်။
ဒါ့အပြင် ဒီလွှတ်တော် ကိုယ်စားလှယ်အဖွဲ့ဟာ နေ့လည်ပိုင်းက ဒုဥက္ကဋ္ဌ ဦးတင်ဦးနဲ့ အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းတင်တို့ ပါဝင်တဲ့ အလုပ်အမှုဆောင်အဖွဲ့နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ အန်အယ်ဒီ ဒုဥက္ကဋ္ဌ နဲ့ ဗဟို အလုပ်အမှုဆောင် အဖွဲ့တွေက အန်အယ်ဒီ ပါတီနဲ့ ပတ်သက်တာတွေကို ရှင်းလင်း ပြောပြခဲ့ပါတယ်။
ဒါ့အပြင် အာရှ လွှတ်တော် ကိုယ်စားလှယ်အတွင်း အမျိုးသမီးခေါင်းဆောင် လွှတ်တော်ကိုယ်စားလှယ် တဦးဖြစ်တဲ့ ကမ္ဘောဒီးယား စမ်မရမ်စီ ပါတီက လွှတ်တော် ကိုယ်စားလှယ်လည်း ပါဝင်တဲ့အတွက် အန်အယ်ဒီ အမျိုးသမီး ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး အမျိုးသမီးရေးရာတွေကိုလည်း ဆွေးနွေးခဲ့ပါတယ်။