စစ်ကောင်စီခေါင်းဆောင်ကို အာဆီယံထိပ်သီး အစည်းအဝေး တက်ခွင့်မပြုဖို့ ဆုံးဖြတ်ချက် စစ်ကောင်စီကန့်ကွက်

2021.10.22
စစ်ကောင်စီခေါင်းဆောင်ကို အာဆီယံထိပ်သီး အစည်းအဝေး တက်ခွင့်မပြုဖို့ ဆုံးဖြတ်ချက် စစ်ကောင်စီကန့်ကွက် ၂ဝ၂၁ ဇွန်လက မော်စကိုမှာ တွေ့ရတဲ့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်။
Photo: Reuters

အခုလကုန်မှာ ကျင်းပဖို့ ရှိတဲ့ အာဆီယံထိပ်သီးအစည်းအဝေးတွေမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တက်ခွင့်မပေးဘဲ နိုင်ငံရေးအရ ကိုယ်စားမပြုသူတစ်ဦးကိုသာ ဖိတ်ကြားဖို့ အာဆီယံရဲ့ဆုံးဖြတ်ချက်ဟာ အာဆီယံပဋိဉာဉ်စာတမ်းပါ ပြဋ္ဌာန်းချက်တွေနဲ့ မကိုက်ညီတဲ့အတွက် လက်မခံနိုင်ဘူးလို့ စစ်ကောင်စီ နိုင်ငံခြားရေးဌာနက အောက်တိုဘာလ ၂၂ ရက်နေ့စွဲနဲ့ သတင်းထုတ်ပြန်လိုက်ပါတယ်။

ထိပ်သီးအစည်းအဝေးတွေကို နိုင်ငံ (သို့) အစိုးရ အကြီးအကဲတွေနဲ့ ပါဝင်ဖွဲ့စည်းရမယ်လို့ အာဆီယံပဋိဉာဉ် စာတမ်းမှာ ပြဋ္ဌာန်းထားတဲ့အတွက် စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ အာဆီယံ ထိပ်သီး အစည်းအဝေးတွေကို မြန်မာနိုင်ငံ အကြီးအကဲအနေနဲ့ တက်ရောက်ရမယ့် အခွင့်အရေး အပြည့်အဝ ရှိတယ်လို့ ဆိုပါတယ်။

အောက်တိုဘာ ၂၆ ရက်ကနေ ၂၈ ရက်နေ့ထိ ဘရူနိုင်းနိုင်ငံမှာ ပြုလုပ်မယ့် အာဆီယံ ထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ် အစည်းအဝေးတွေမှာ နိုင်ငံရေးနဲ့ မသက်ဆိုင်တဲ့ ကိုယ်စားလှယ်တစ်ဦးကို မြန်မာနိုင်ငံ ကိုယ်စားပြု တက်ရောက်ဖို့ ဖိတ်ကြားမယ့်အကြောင်း အောက်တိုဘာ ၁၅ ရက်နေ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အရေးပေါ် အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ကြောင်း လက်ရှိ အာဆီယံ အလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ ဘရူနိုင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက အကြောင်းကြားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အာဆီယံပဋိဉာဉ် ပုဒ်မ ၂၀ (၁) အရ ဆုံးဖြတ်ချက်တွေကို အဖွဲ့ဝင်နိုင်ငံတွေရဲ့ တူညီဆန္ဒနဲ့သာ ချမှတ်ရမှာ ဖြစ်ပြီး၊ တူညီဆန္ဒမရခဲ့ရင် ပုဒ်မ ၂၀ (၂) အရ အာဆီယံ ထိပ်သီးအစည်းအဝေးကသာ ဆုံးဖြတ်ရမှာ ဖြစ်တဲ့အတွက် အောက်တိုဘာ ၁၅ ရက်နေ့ ဆုံးဖြတ်ချက်ဟာ လုပ်ထုံးလုပ်နည်းနဲ့ မညီဘူးလို့လည်း ဆိုပါတယ်။

ဒါ့အပြင် ၁၅ ရက်နေ့ အစည်းအဝေးမှာ မြန်မာ့ပြည်တွင်းရေးကို အကြောင်းပြုပြီး ထိပ်သီးအစည်းအဝေးကို မြန်မာနိုင်ငံ ကိုယ်စားပြု တက်ရောက်မယ့်ကိစ္စကို အဓိကထား ဆွေးနွေးခဲ့တာဟာ အာဆီယံပဋိညာဉ်စာတမ်း ပါ ပြဋ္ဌာန်းချက်တွေဖြစ်တဲ့ အဖွဲ့ဝင်နိုင်ငံတွေရဲ့ အချုပ်အခြာအာဏာကို လေးစားဖို့၊ ပြည်တွင်းရေး မစွက်ဖက်ဖို့ ဆိုတဲ့မူတွေကို ချိုးဖောက်နေတယ် လို့လည်း ဖော်ပြထားပါတယ်။

သဘောထားကွဲလွဲမှုတွေကို စေ့စပ်ဆွေးနွေးတဲ့ နည်းလမ်းတွေနဲ့ ဖြေရှင်းဆောင်ရွက်သွားမှာ ဖြစ်ပေမယ့် အာဆီယံ ပဋိဉာဉ်စာတမ်းပါ အချက်တွေနဲ့ ဆန့်ကျင်နေတဲ့ ဆောင်ရွက်မှုတွေကို လက်မခံနိုင်ကြောင်း၊ အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေ အနေနဲ့လည်း အဖွဲ့ရဲ့ ရေရှည်အကျိုးစီးပွားကို ရည်မျှော်ပြီး ပဋိဉာဉ်စာတမ်းနဲ့ အညီ ဆောင်ရွက်ဖို့ လိုအပ်ကြောင်း စစ်ကောင်စီ နိုင်ငံခြားရေးဌာနရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2021-10-22 21:09

Cheers for ASEAN has not allowed the Min Aung Hlaing who is attending the ASEAN summit meeting in Oct 2021.
Excellent, Good job.