ဘုံသဘောတူညီချက်အရ အာဆီယံ အထူးသံ NUG ကို မဖြစ်မနေ တွေ့ဖို့လို

2022.02.18
ဘုံသဘောတူညီချက်အရ အာဆီယံ အထူးသံ NUG ကို မဖြစ်မနေ တွေ့ဖို့လို ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန်း (Prak Sokhonn) ကို ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့မှာ ၂၀၂၂ ဖေဖော်ဝါရီ ၁၇ ရက်နေ့ကကျင်းပတဲ့ အာဆီယံအစည်းအဝေးမှာ တွေ့ရစဉ်
Photo: AFP

သက်ဆိုင်သူအားလုံးကို တွေ့ရမယ်ဆိုတဲ့ အချက်ဟာ စစ်ကောင်စီ ဥက္ကဋ္ဌ ကိုယ်တိုင် သဘောတူထားတဲ့ အာဆီယံ ဘုံသဘောတူညီချက် ငါးချက်ထဲက အရေးကြီးတဲ့ အချက် ဖြစ်တာမို့ အာဆီယံအထူးသံရဲ့ခရီးစဉ်မှာ NUG ကို မဖြစ်မနေ တွေ့ရမယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောလိုက်ပါတယ်။

အာဆီယံ အထူးသံတမန်အဖြစ် ခန့်အပ်ခံထားရတဲ့ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန်း (Prak Sokhonn ) ဟာ မြန်မာနိုင်ငံကို မတ်လထဲမှာ လာရောက်မှာဖြစ်ပြီး မြန်မာ့အရေးနဲ့ ပတ်သက်လို့ တိုးတက်မှု ရအောင် ဆွေးနွေးဖို့ ရှိနေပါတယ်။

ပရက်ဆော့ခွန်း က မတ်လထဲမှာ မြန်မာနိုင်ငံကို သွားရောက်ဖို့ စီစဉ်နေပြီး သူ့ခရီးစဉ် အတွင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG တာဝန်ရှိသူတွေနဲ့ တွေ့ခွင့်ရဖို့ စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ခွင့်တောင်းထားတယ်လို့ မနေ့က ကမ္ဘောဒီးယား နိုင်ငံ ဖနွမ်းပင်မြို့မှာ ပြုလုပ်တဲ့ အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးအပြီးမှာ သတင်းမီဒီယာတွေကို ပြောလိုက်တာပါ။

မြန်မာ့အရေးနဲ့ ပတ်သက်ရင် သက်ဆိုင်သူ အားလုံးနဲ့ တွေ့ရမယ်ဆိုတဲ့ အချက်ဟာ အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ထဲမှာ ပါပြီးသား ဖြစ်တဲ့အတွက် အထူး ကိုယ်စားလှယ်ဟာ NUG နဲ့ တွေ့ဖို့ ဆောင်ရွက်ရမှာ ဖြစ်တယ်လို့ NUG နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင် က ပြောပါတယ်။

“ NUG နဲ့ တွေ့ဖို့ကိစ္စကတော့ အာဆီယံ ဘုံသဘောတူညီချက်ထဲမှာပါတဲ့ သက်ဆိုင်သူ အားလုံးနဲ့ တွေ့ဆုံးရေးပေါ့။ မြန်မာပြည်အရေးကို ပတ်သက် ဆက်နွယ်နေတဲ့ တွေ့ဆုံဖို့ ဆိုတာပါ ပါတယ်။ ဘုံသဘောတူညီချက်အရ အကောင်အထည်ဖော်မယ်ဆိုရင်တောင် NUG နဲ့ တွေ့ဆုံဖို့ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒီအပေါ်မှာတော့ ကျမတို့ ထွေထွေ ထူးထူး မှတ်ချက်ပေးစရာ မရှိပါဘူး။ NLD ကိုယ်စားလှယ်နဲ့ တွေ့ဖို့ကိစ္စကတော့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေရော ပါတီခေါင်းဆောင်တွေရော ဖမ်းဆီးထိန်းသိမ်း ထားနေရတဲ့ အချိန်မှာ ဘယ်သူက ပါတီကို ကိုယ်စားပြုမှာလဲဆိုတဲ့ ကိစ္စကတော့ ကျမတို့ သိပ်မသဲကွဲဘူးပေါ့။ ဆိုတော့ NLD ပါတီဝင်တစ်ယောက်နဲ့တွေ့တာနဲ့ ပါတီကို ကိုယ်စားပြုလိုက်တယ်လို့တော့ ပြောလို့တော့မရဘူး။ ဒါကတော့ စောင့်ကြည့်ရမယ့် ကိစ္စပဲဖြစ်တယ်လို့ ကျမအနေနဲ့ ပြောလိုပါတယ် ”

ပရက်ဆော့ခွန်း ကတော့ အာဆီယံ အထူးသံအနေနဲ့ NUG နဲ့တွေ့ခွင့်ရဖို့ စစ်ကောင်စီထံ တောင်းဆိုတာဟာ နှစ်ဖက်ကြားမှာ ပေါင်းကူးတံတားအဖြစ် ကြားဝင်ညှိနှိုင်းလိုတဲ့ သဘောလို့ ပြောထားပါတယ်။

စစ်ကောင်စီဘက်ကလည်း ကမ္ဘောဒီးယားနိုင်ငံခန့် အာဆီယံ သံတမန်သစ်ရဲ့ ခရီးစဉ် အတွင်း ပူးပေါင်းဆောင်ရွက်မယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်တွေမှာ ပြောထားပါတယ်။ ဒါပေမဲ့ NUG အစိုးရနဲ့ တွေ့ခွင့်ပေး၊ မပေးဆိုတာကို နိုင်ငံခြားရေး ဝန်ကြီးဌာနက အခုချိန်ထိ တရားဝင် ထုတ်ပြောတာ မရှိသေးပါဘူး။

စစ်ကောင်စီပြောခွင့်ရ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်း ကတော့ တရားစွဲဆိုခံထားရသူတွေ အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားသူတွေနဲ့ ပေးတွေ့မှာမဟုတ်ဘူးလို့ ဒီကနေ့ RFA က ဆက်သွယ်မေးမြန်းစဉ် ပြန်လည် ဖြေကြားထားပါတယ်။

“ကျနော်တို့ကတော့ ကျနော်တို့ မူဝါဒအတိုင်းပါပဲ။ ကျနော်တို့ အကြမ်းဖက်လို့ ကြေညာ ထားတဲ့သူတွေနဲ့ ကျနော်တို့ နိုင်ငံမှ မဟုတ်ဘူး ဘယ်နိုင်ငံမှ တွေ့ခွင့် ပေးတယ်လို့ မကြားဖူးဘူး။ တွေ့ခွင့်ပေးမှာလည်း မဟုတ်ဘူး။ တရားဥပဒေအရ တရားစွဲဆို ခံထားရတဲ့ သူတွေနဲ့ ကျနော်တို့ တွေ့ခွင့်ပေးမှာ မဟုတ်ပါဘူး။ ဒါ ကျနော်တို့ရဲ့ အရင်ကတည်းက ရပ်တည်တဲ့အတိုင်း ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။ နိုင်ငံရေး ပါတီတွေနဲ့ ပတ်သက်လာရင် ပါတီကို ကိုယ်စားပြုတဲ့ သူတွေနဲ့ တွေ့ခွင့်ပေးဖို့ တောင်းလာတာ ဒါတွေကတော့ ကျနော်တို့ ဆောင်ရွက်ပေးသွားမှာ ဖြစ်တယ်”

အာဆီယံ အထူးသံတမန်ရဲ့ ခရီးစဉ်အတွင်း ဘာတွေ ဆွေးနွေးမယ်ဆိုတာကို ကြိုပြောလို့ မရဘူးလို့လည်း ဗိုလ်ချုပ် ဇော်မင်းထွန်းက ဆိုပါတယ်။

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ဇန်နဝါရီလ ၂၆ ရက် အွန်လိုင်းကနေ လုပ်တဲ့ ဆွေးနွေးပွဲမှာ အာဆီယံ အထူးသံကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) ပါတီဝင်တွေနဲ့ တွေ့ခွင့်ပေးမယ်လို့ စစ်ကောင်စီဥက္ကဋ္ဌက ကတိ ပေးထားပါတယ်။

"ဘုံသဘောတူညီချက်အရ အကောင်အထည်ဖော်မယ်ဆိုရင်တောင် NUG နဲ့ တွေ့ဆုံဖို့ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။"

NLD ပါတီဝင်တွေကို တွေ့မယ်ဆိုရင် ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးက တာဝန် ပေးတဲ့သူ ဒါမှမဟုတ် ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သာ ပါတီကို ကိုယ်စားပြုပြီး ပြောဆိုခွင့်ရှိတယ်လို့ NLD ပါတီရဲ့ ဗဟိုအလုပ်ကော်မတီဝင် ဦးကျော်ထွေးက RFA ကို ပြောပါတယ်။

“တွေ့ခွင့်ပေးမယ်ဆိုတဲ့ကိစ္စကလည်း ဘယ်သူ့ကို ရည်ရွယ်ထားလဲတော့ မသိဘူး။ NLD အနေနဲ့ ပြောနိုင်တာကတော့ တကယ် NLD ကို ကိုယ်စားပြုပြီးတော့ တွေ့ခွင့် ပြောဆို ခွင့် ရှိတာတော့ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ပဲရှိတယ်။ ဒါမှမဟုတ်ရင်လည်း ဗဟိုအလုပ်အမှုဆောင် စုံညီအစည်းဝေးကနေ တာဝန်ပေးအပ်ထားတဲ့ လူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်း ပေါ့နော် အဲလိုမျိုးမှ NLD နဲ့ တွေ့တယ်လို့ တရားဝင်ပြောလို့ ရမှာပါ။ NLD ပါတီဝင်အချို့ ဒါမှမဟုတ် တစ်ဦးတစ်ယောက်ကနေပြီးတော့ ပုဂ္ဂလိက သဘောမျိုးနဲ့ တွေ့တာမျိုးတွေ ရှိကောင်းရှိနိုင်ပါတယ်။ ဒါတွေက NLD ကို ကိုယ်စား ပြုပြီး တွေ့တယ်လို့ ပြောလို့မရဘူး။ NLD ကိုလည်း ကိုယ်စားမပြု ပါဘူးဗျ ”

အာဆီယံအထူးကိုယ်စားလှယ်အနေနဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ဘာတွေ တောင်းဆို နိုင်မလဲ၊ ဘာတွေလုပ်နိုင်မလဲ ဆိုတဲ့ပေါ် မူတည်ပြီး မြန်မာ့အရေးအတွက် သူဘယ်လောက် စွမ်းဆောင်နိုင်မလဲဆိုတာကိုလည်း မသိရသေးဘူးလို့ ဦးကျော်ထွေးက ဆိုပါတယ်။

asean meeting
(အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ၂၀၂၂ ဖေဖော်ဝါရီ ၁၇ ရက်နေ့က ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့မှာ ကျင်းပနေစဉ်) Photo: Reuters

ပရက်ဆော့ခွန်း မတိုင်ခင် ဘရူနိုင်းနိုင်ငံက အထူးကိုယ်စားလှယ်ဟောင်း Erywon Yusof လက်ထက်မှာတော့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် သက်ဆိုင်သူတွေနဲ့ စစ်ကောင်စီက တွေ့ခွင့် မပေးတာကြောင့် မြန်မာနိုင်ငံကို လာခါနီးမှာပဲ သူ့ခရီးစဉ်ကို ရုတ်တရက် ဖျက်သိမ်း ခဲ့ဖူးပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးပဋိပက္ခတွေဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရမှ ဖြေရှင်းနိုင်မှာဖြစ်ပေမယ့် လတ်တလောမှာတော့ စစ်ကောင်စီဘက်က တွေ့ခွင့်ပေးမှာ မဟုတ်သေးဘူးလို့ နိုင်ငံရေး လေ့လာသုံးသပ်သူ လွှတ်တော်အမတ်ဟောင်း ဦးရဲထွန်းက သုံးသပ်ပါတယ်။

“အခုဖြစ်နေတဲ့ ပဋိပက္ခက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ပြီးတော့ ဒေါ်အောင်ဆန်း စုကြည်နဲ့ နစကနဲ့ ဆွေးနွေးနိုင်မှသာ အဖြေတွေရမှသာ ဖြေရှင်း နိုင်လိမ့်မယ်လို့ ကျနော်တို့က ယုံကြည်ထားတာ။ ဒါပေမဲ့ နစက က ဒေါ်အောင်ဆန်းစုကြည်တို့ ဦးဝင်းမြင့်တို့ ဒေါက်တာဇော်မြင့်မောင်တို့ စတဲ့ အမှု ရင်ဆိုင်နေရတဲ့ ခေါင်းဆောင် တွေကတော့ တွေ့ခွင့်ပေးမှာ မဟုတ်ဘူး။ ကျန်တဲ့ EAO တို့ NLD အပါအဝင် နိုင်ငံရေးပါတီတို့ အဲဒါတွေကတော့ တွေ့ခွင့်ရလိမ့်မယ်လို့ ကျနော်ထင်တယ်”

စစ်တပ်က အာဏာသိမ်းပြီး သုံးလနီးပါးအကြာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဧပြီလထဲမှာ အာဆီယံ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေး ကျင်းပပြီး အာဏာသိမ်းစစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ခွင့် ရခဲ့ပါတယ်။

အဲဒီအချိန်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အာဆီယံ ခေါင်းဆောင်တွေ အကြား မြန်မာ့အရေးနဲ့ ပတ်သက်လို့ ဘုံသဘောတူညီချက် ငါးရပ်ချမှတ်ခဲ့ပြီး၊ အဲဒီအထဲမှာ မြန်မာနိုင်ငံက ပြဿနာတွေ ဖြေရှင်းရေးအတွက် သက်ဆိုင်သူ အားလုံးနဲ့ တွေ့ရမယ်ဆိုတဲ့ အချက်ဟာ အဓိကအချက်အနေနဲ့ ပါဝင်ပါတယ်။

အဲဒီ သဘောတူညီချက် ငါးချက်စလုံးကို အပြည့်အဝ လိုက်နာဖို့ ပျက်ကွက် တာကြောင့် ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် အောက်တိုဘာ ၁၅ ရက်ကစလို့ နောက်ပိုင်း အာဆီယံ အစည်းအဝေး တွေမှာ မြန်မာစစ်ကောင်စီဘက်က အဆင့်မြင့် ကိုယ်စားလှယ်တွေ တက်ရောက်ခွင့်ကို အာဆီယံအဖွဲ့ကြီးက ပိတ်ပင်ထားတာပါ။

အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဖြစ်ဖြစ်ချင်း အခုနှစ် ဇန်နဝါရီလဆန်းမှာ နေပြည်တော်ကို ရောက်လာခဲ့တဲ့ ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟွန်ဆန် ကတော့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့တဲ့ သူ့ခရီးစဉ်ဟာ ဘာတိုးတက်မှုမှ မရှိကြောင်း ဖေဖော်ဝါရီ လ ၁၆ ရက် ကမ္ဘောဒီးယားနိုင်ငံက တံတားဖွင့်ပွဲတစ်ခုမှာ ထုတ်ပြောသွားကြောင်း RFA ခမာဌာနက သတင်းဖော်ပြ ထားပါတယ်။

မြန်မာနိုင်ငံရဲ့ အခြေအနေဟာ အာဆီယံဥက္ကဋ္ဌဖြစ်တဲ့ သူ့အနေနဲ့ တစ်ခုခု လုပ်သည်ဖြစ်စေ၊ ဘာမှ မလုပ်သည်ဖြစ်စေ ဘာမှထူးမလာနိုင်တဲ့ အခြေအနေမျိုးဖြစ်တယ်လို့ ဝန်ကြီးချုပ် ဟွန်ဆန်က ပြောပါတယ်။

ဒါကြောင့် မတ်လထဲမှာ လာရောက်ဖို့စီစဉ်ထားတဲ့ အာဆီယံ အထူးသံတမန်သစ် ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန်းရဲ့ ခရီးစဉ်ဟာ လက်ရှိ မြန်မာနိုင်ငံက ပဋိပက္ခတွေအတွက် ဘယ်လောက် အကျိုးရှိမလဲဆိုတာကိုတော့ ပြည်တွင်းရော ပြည်ပမှာပါ စိတ်ဝင်တစား စောင့်ကြည့်နေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။