ဝန်ကြီးများရုံးမှာ ပထမဆုံးကျင်းပတဲ့ အနုပညာပြပွဲ
2017.01.15

ရန်ကုန်မြို့သိမ်ဖြူလမ်းက ဝန်ကြီးများရုံးမှာ ခေတ်သစ်အနုပညာရှင် Wolfgang Laib ရဲ့ "ရေမြေအဆုံးနေရာထိ တိုင်အောင်" လို့ အမည်ပေးထားတဲ့ အနုပညာပြပွဲကို မနေ့ကစပြီး ပြသနေပါတယ်။
မြန်မာနိုင်ငံမှာ ပထမဆုံးအနေနဲ့ Goethe -Institute မြန်မာနဲ့ ဂျာမနီမှာရှိတဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြီး အနုပညာရှင် Wolfgang Laib ရဲ့ထင်ရှားတဲ့ လက်ရာတွေကို ပြသနေပါတယ်။
အဲဒီပြပွဲကို လာမယ့် ဖေဖော်ဝါရီလ ၄ ရက်နေ့ အထိ ပြသသွားမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံသူ နိုင်ငံသားတွေရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ သမိုင်းအမွေဖြစ်တဲ့ ဝန်ကြီးများရုံးမှာ အနုပညာလုပ် ငန်းတွေ ပြသခွင့်ရဖို့အတွက် အခက်အခဲတွေ များစွာ ရင်ဆိုင်ခဲ့ရပေမယ့် ဂုဏ်ယူမိတယ်လို့ Goethe -Institut ရဲ့ ဒါရိုက်တာ Franz Xaver Augustin က ပြောပါတယ်။
အနုပညာရှင် Wolfgang Laib ဟာ အရေးပါဆုံးသော ခေတ်ပေါ်အနုပညာရှင် တစ်ရာထဲမှာ ပါဝင်သူဖြစ်ပြီး ၂၀၁၅ ခုနှစ်မှာ အနုပညာနိုဘယ်လ်ဆု ရရှိထားသူဖြစ် ပါတယ်။
သူ့ရဲ့လက်ရာတွေဟာ ကမ္ဘာ့အကောင်းဆုံး အနုပညာလက်ရာတွေထဲမှာ စာရင်းသွင်း ခံထားရတာဖြစ်ပါတယ်။