CNN နဲ့ စကားပြောလို့ ဖမ်းဆီးခံရသူ ၁၁ ဦး ပြန်လွတ်လာ
2021.04.05

ရန်ကုန်မြို့မှာ သတင်းယူခဲ့တဲ့ CNN သတင်းထောက် Clarissa Ward နဲ့ စကားပြောခဲ့တာကြောင့် ဖမ်းဆီးခံရသူ ၁၁ ဦး ဧပြီလ ၅ ရက် ဒီကနေ့ နေ့လည် ၁၂ နာရီက ပြန်လွတ်လာတယ်လို့ RFA က စုံစမ်းသိရှိရပါတယ်။
သူတို့ကို ဖမ်းဆီးခဲ့တာနဲ့ ပတ်သက်ပြီး CNN သတင်းဌာနက စစ်ကောင်စီကို မေးမြန်းခဲ့ပြီးနောက် အခုလို ပြန်လွတ်လာတာဖြစ်ပါတယ်။
ဖမ်းဆီးခံပြီးနောက် ပြန်လွတ်လာတဲ့ မယဉ်သက်တင်ရဲ့ မိသားစုတွေကို RFA က ဆက်သွယ်မေးမြန်းရာမှာ… ကောင်းကောင်းမွန်မွန်ပဲ ပြန်လွတ်လာပြီး ရိုက်နှက်ခံထားရတာ မရှိဘူးလို့ ပြောပါတယ်။
ဖမ်းဆီးခံခဲ့ရသူတွေထဲက မနေဇာခြည်ရှိုင်းရဲ့ မိတ်ဆွေကလည်း မနေဇာခြည်ရှိုင်းပြန်လွတ်လာကြောင်း RFA ကို အတည်ပြု ပြောဆိုပါတယ်။
မြန်မာပြည်ကိုရောက်နေတဲ့ အမေရိကန်အခြေစိုက် CNN သတင်းဌာနရဲ့ နိုင်ငံတကာ သတင်းထောက်ချုပ် Clarissa Ward ဟာ ဧပြီလ ၂ ရက်နေ့က ရန်ကုန်မြို့ အင်းစိန် ဆယ်မိုင်ကုန်းဈေးနဲ့ မင်္ဂလာဒုံစျေးတွေမှာ ဒေသခံတချို့နဲ့ စကားပြောခဲ့ပြီးနောက် သူတို့သတင်းအဖွဲ့ ပြန်သွားချိန်မှာ အဲဒီဒေသခံတွေကို စစ်ကောင်စီက ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
CNN သတင်းဌာနကို RFA က မေးမြန်းရာမှာ… သတင်းထောက် Clarissa Ward ဟာ မြန်မာစစ်တပ်ရဲ့ ခွင့်ပြုချက်နဲ့ ရောက်နေတာဖြစ်ပြီး စစ်တပ် အစောင့်အကြပ်နဲ့ လှည့်လည် သတင်းယူနေတာဖြစ်ကြောင်း၊ ဒီဖမ်းဆီးမှုတွေနဲ့ ပတ်သက်ပြီး မြန်မာစစ်တပ်ကို ဆက်သွယ်မေးမြန်းနေကြောင်း ဧပြီလ ၃ ရက်နေ့က RFA ကို ပြောပါတယ်။
ဖမ်းဆီးခံထားရသူတွေကို ရန်ကုန် ရွှေပြည်သာ စစ်ကြောရေးစခန်းမှာ စစ်ဆေးပြီး သုံးရက်အကြာ ဧပြီလ ၅ ရက်နေ့မှာမှ စစ်ကောင်စီက ပြန်လွှတ်ပေးလိုက်တာ ဖြစ်ပါတယ်။
ဘာတွေ စစ်ဆေးမေးမြန်းခဲ့သလဲ ဆိုတာကိုတော့ ပြန်လွတ်လာသူတွေက လုံခြုံရေးအရ ဖြေဆိုဖို့ ငြင်းဆန်ကြပါတယ်။