ဘာသာရေးအဆောက်အအုံ ဗုံးခွဲဖို့ ကြံစည်သူတွေ ဖမ်းမိ


2013.11.20

အစ္စလာမ် ဘာသာရေး အဆောက်အဦတွေကို ပစ်မှတ်ထား ဗုံးဖောက်ခွဲဖို့ ကြံစည်စီစဉ်မှုနဲ့ မသင်္ကာသူ သုံးဦးကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

ဖမ်းဆီးခံရသူတွေဟာ ရခိုင်ပြည်နယ်ကဖြစ်ပြီး၊ ကရင်ပြည်နယ်နယ်စပ်မှာ ဖေါက်ခွဲရေး သင်တန်းတက်ပြီးတဲ့နောက် ဗလီတွေကို ဗုံးထောင်တိုက်ခိုက်ဖို့ စီစဉ်နေကြသူတွေဖြစ်ကြောင်း၊ သူတို့ကို သက်ဆိုင်ရာက စစ်ဆေးနေကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က အမည်မဖေါ်လိုသူ  ရဲအရာရှိတစ်ဦးကို ကိုးကားပြီး  AFP သတင်းက ဖေါ်ပြပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၃ ရက်နေ့ နံနက်ပိုင်းခန့်က လှိုင်သာယာမြို့နယ် အတွင်းပဒံကျေးရွာက SKY အအေးခန်း ဧည့်ရိပ်သာကို ဝင်ရောက်ရှာဖွေခဲ့ရာမှာ ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်က ကိုတင်မောင် ခေါ် ကိုခိုင်နေမင်း အသက် ၃၄ နှစ်ကို ဖောက်ခွဲရေးပစ္စည်းတွေ တပ်ဆင်နေစဉ်မှာ ဖမ်းမိခဲ့ကြောင်း၊ အဲဒီကနေ ကွင်းဆက်လိုက်တဲ့အခါ သာယာဝတီမြို့နယ်က ကိုသိန်းညွှန့် အသက် ၃၁နှစ် ကို အဲဒီနေ့မှာ  ဖမ်းမိခဲ့ပြီး၊ ကိုဘိုဘိုထွန်း အသက် ၂၉ နှစ်ကို နိုဝင်ဘာလ ၁၆ ရက်နေ့ ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

သူတို့ဆီက အသင့်ဆင်ပြီး လက်လုပ်မိုင်း နှစ်လုံး၊ ယမ်းကတ်တစ်ထုတ်၊ ခဲရောင်ယမ်း သုံးခု သိမ်းဆည်း ရမိခဲ့ပါတယ်။

ဖောက်ခွဲရေး ကြံစည်သူတွေဟာ  ဘာသာရေး အဆောက်အဦတွေကို တိုက်ခိုက်ဖို့ရည်ရွယ်ခဲ့ပြီး နောက်ကွယ်မှာ ဆက်စပ်ပါဝင်သူတွေရှိသလို၊ မြေပေါ်အဖွဲ့အစည်းတချို့နဲ့လည်း ဆက်စပ်မှုတွေ ရှိနေတယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ အသေးစိတ် မသိရသေးပါဘူး။

မကြာခင်ရက်ပိုင်းက ကျောက်ဖြူမြို့မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုမှာ ဗလီတစ်ခုအတွင်းက ဝတ်ပြုကျောင်းတစ်ကျောင်း တိုက်ခိုက်ဖျက်ဆီးခံခဲ့ရပြီး၊ ဒုက္ခသည်စခန်းတစ်ခု ခြိမ်းခြောက်ခံခဲ့ရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အထူးစိုးရိမ်ကြောင်း၊ ဒီလို အကြမ်းဖက် ခြိမ်းခြောက်တဲ့လုပ်ရပ်တွေကို အပြင်းအထန်ရှုတ်ချကြောင်း ရန်ကုန်မြို့ အမေရိကန်သံရုံးက မနေ့က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။