တပ်ပိုင်မြေမှာ စိုက်ပျိုးခွင့် နဲ့ ဖြတ်သန်းသွားလာခွင့် မပြုကြောင်း အမြောက်တပ် သတိပေး
2017.01.29

ကယားပြည်နယ် လွိုင်ကော်မြို့နယ်မှာ အမှတ် (၃၅၆) အမြောက်တပ်က တပ်ပိုင်မြေအဖြစ် သိမ်းယူထားတဲ့ ဒေါမူကလား၊ ဖာတီမာ၊ မြေနီကုန်း စတဲ့ ကျေးရွာတချို့က မြေတွေပေါ်မှာ ဒေသခံတွေ ဝင်ရောက်ထွန်ယက်စိုက်ပျိုးခွင့်၊ ဖြတ်သန်းသွားလာခွင့် မပြုတော့ကြောင်း အမှတ် (၃၅၆) အမြောက် တပ်က မနေ့က ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
လွိုင်ကော်မြို့နယ် ချစ်ကယ်ကျေးရွာအုပ်စုမှာရှိတဲ့ အမှတ် (၃၅၆) အမြောက်တပ်က တပ်ပိုင်မြေ အတွင်း ဝင်ရောက်စိုက်ပျိုးထွန်ယက်နေတာတွေကို လာမယ့် ဖေဖေါ်ဝါရီလ ၁၅ ရက်နေ့ နောက်ဆုံးထား ဖယ်ရှားပေးဖို့ လွိုင်ကော် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် ညွန်ကြားချက်နဲ့သတိပေးချက် ထုတ်ပြန် လိုက်တာဖြစ်ပါတယ်။
လက်ရှိအချိန်မှာ ဒေသခံတွေဟာ သိမ်းဆည်းခံမြေတွေပေါ်မှာ ပြောင်းဖူး၊ မြေပဲ စတာတွေကို စားဝတ်နေရေးအတွက် အဓိကထားစိုက်ပျိုးနေတာဖြစ်ပါတယ်။
၁၉၉၂ ခုနှစ်က အဲဒီဒေသကိုအခြေချလာတဲ့တပ်တွေဟာ ဒေသခံတောင်သူတွေရဲ့ မြေတွေကို သိမ်းယူပြီး သီးစားပြန်ချထားခဲ့တာဖြစ် တယ်လို့ ဒေသခံတွေကပြောပါတယ်။
၂၀၁၂ ခုနှစ်မှာတော့ သီးစားခပေးစရာမလိုတော့ဘဲ တပ်ပိုင်မြေမှာ လုပ်ကိုင်ကြောင်း ခံဝန်ကတိ လက်မှတ်ထိုးခိုင်းပြီး ဆက်လက်လုပ်ကိုင် ခွင့်ပေးခဲ့တယ်လို့ဆိုပါတယ်။
လွိုင်ကော် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်ရဲ့ ညွန်ကြားချက်မှာ ဝင်ရောက်လုပ်ကိုင်တာ ဖြတ်သန်း သွားလာတာ တွေ့ရှိမယ်ဆိုရင် အရေးယူသွားမယ်လို့ ပါရှိပါတယ်။
လွိုင်ကော်မြို့နယ် နွားလပိုးနဲ့ချစ်ကယ်ကျေးရွာအုပ်စုနှစ်စုထဲက မြေနီကုန်း၊ သုံးမိုင် (စံပြ) ၊ ဒေါမူကလား၊ ဖာတီမာ၊ ထေးပလောခူ စတဲ့ကျေးရွာ (၁၂) ရွာ က မြေဧက နှစ်ထောင်လောက်ကို အမှတ် (၂၅၀) ၊ (၂၆၁) ခြေလျင်တပ်နဲ့ အမှတ် (၃၅၆) အမြောက်တပ်တို့က သိမ်းယူထားတာဖြစ်ပြီး လက်ရှိသတိပေးစာ ထုတ်ပြန်ထားတဲ့ အမှတ် (၃၅၆) အမြောက်တပ်က မြေဧက ပမာဏ ဘယ်လောက် သိမ်းယူထားတယ်ဆိုတာကို ဒေသခံတွေက မသိရှိထားဘူးလို့ သိရပါတယ်။