တပ်မတော်နဲ့ RCSS တိုက်ပွဲကြောင့် RCSS တပ်ဖွဲ့ဝင် ၂ ဦးသေဆုံး


2019.02.19
rcss-ssa-622.jpg ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်
Photo: Kan Thar/RFA

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် တံခွန်တိုင်ကျေးရွာ အနီးမှာ အစိုးရတပ်မတော်နဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS တပ်တွေ ဒီနေ့မနက်က တိုက်ပွဲကြောင့်  RCSS အဖွဲ့က တပ်ဖွဲ့ဝင် ၂ ဦး သေဆုံးခဲ့ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

တံခွန်တိုင်ကျေးရွာအနီးမှာ အရပ်ဝတ်နဲ့ လက်နက်ကိုင်အဖွဲ့ဝင် ငါးဦးဟာ ဆက်ကြေး ကောက်နေတယ်ဆိုတဲ့ သတင်းအရ တပ်မတော်က ဝင်ရောက်ရှင်းလင်းရာမှာ အရပ်ဝတ်နဲ့အဖွဲ့က စတင်ပစ်ခတ်လို့ အချိန်အနည်းငယ် ပစ်ခတ်မှုတွေရှိခဲ့ပြီး အလောင်းနှစ်လောင်းနဲ့လက်နက်အချို့ သိမ်းဆည်းရမိခဲ့တာဖြစ်ကြောင်း တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက RFA ကို ပြောပါတယ်။

ဒါ့အပြင် RCSS တံဆိပ်ပါ ငွေကြေးတောင်းခံတဲ့စာရွက်တွေကိုပါ သိမ်းဆည်းရမိတယ်လို့လည်း ပြောပါတယ်။ တချို့ စာရွက်တွေမှာ ကျပ်သိန်းသုံးရာနဲ့သိန်းတစ်ရာစီ ပေးဆောင်ဖို့ တောင်းခံထားတဲ့ စာရွက်တွေကို ပါဝင်တယ်လို့လည်း သိရပါတယ်။

ကျောက်မဲမြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့တပတ်လောက်ကလည်း RCSS ဘက်က လူသစ်စုဆောင်းဖို့ လာရောက်ခဲ့ပြီး လူတွေကိုတော့ ခေါ်ဆောင်မသွားဘဲ ငွေကြေးကောက်ခံသွားတာရှိတယ်လို့အမည်မဖော်လိုတဲ့ ကျောက်မဲမြို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒီကနေ့ဖြစ်စဉ်နဲ့ ပတ်သက်ပြီး RCSS အဖွဲ့ကို ဆက်သွယ်ရာမှာတော့ ဆက်သွယ်လို့မရသေးပါဘူး။

ရှမ်းပြည်နယ် မြောက်ပိုင်း သီပေါမြို့နယ် လွယ်ငင်းကျေးရွာတဝိုက်မှာလည်း SSPP နဲ့RCSS တပ်တွေ ဒီနေ့ တိုက်ပွဲဖြစ်ခဲ့ပြီး အရပ်သားအမျိုးသားတစ်ဦး မိုင်းထိမှန် ဒဏ်ရာရခဲ့တယ်လို့ ရွာသားတွေက ဆက်သွယ်လာကြောင်း စစ်ဘေးဒုက္ခသည်တွေကို ကူညီနေသူတွေထံက သိရပါတယ်။

တိုက်ပွဲကြောင့် အရပ်သားတွေ ပိတ်မိနေတာရှိပြီး လမ်းပန်းဆက်သွယ်ရေး နယ်မြေလုံခြုံရေးနဲ့ ဖုန်းလိုင်း အခက်အခဲတွေကြောင့် ပရိဟတအဖွဲ့တွေ အကူအညီ မရောက်နိုင်သေးဘူးလို့လည်း ပရဟိတအဖွဲ့တွေကနေ သိရပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကံသာ ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။