ကေအိုင်အေနဲ့ တပ်မတော် တိုက်ပွဲဖြစ်


2017.12.30
ledo-road-622 တနိုင်း-လီဒို လမ်းကို တွေ့ရစဉ်
Photo: Kyaw Myo Min/RFA

ကချင်ပြည်နယ် တနိုင်း-လီဒိုလမ်းပေါ် ဖားကန့်မြို့နယ်အပိုင် ရှဒူးဇွပ်ရွာနဲ့ ၁ မိုင်အကွာမှာ အစိုးရတပ်မတော် နဲ့ ကေအိုင်အေတို့ ဒီနေ့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

မနက်အစောပိုင်းကနေ နေ့လည်ပိုင်းအထိ ပစ်ခတ်တိုက်ခိုက်မှုတွေရှိခဲ့တာကြောင့် ဒေသခံတွေ စိုးရိမ် ထိတ်လန့်နေကြတယ်လို့ ရှဒူးဇွပ်ရွာ ဒေသခံတစ်ဦးက ပြောပါတယ်။

"ထိခိုက်ဒဏ်ရာရမှုတော့ မရှိပါဘူး။ ဒေသအနေနဲ့ကတော့ ပြည်သူလူထု မျက်လုံးပြူးတာပေါ့။ အားလုံးကံကောင်းသွားတယ်ဆိုတာကလည်း အဲဒီ ကျည်ဆံ ဘုန်းကြီးကျောင်းနားကျတာကလည်း အဲဒီမှာအိမ်တွေရှိတယ်။ အဲဒီ အိမ်တွေပေါ် မကျဘဲနဲ့ အိမ်ကြားထဲကို နည်းနည်းလွတ်တဲ့နေရာ သွားကျကြလို့ပေါ့။ ကံကောင်းသွားကြတာပေါ့။ အဲဒီလိုမျိုးပါ"

တပ်စခန်းကုန်းအစောင့် ကျန်နေရစ်တဲ့ တပ်မတော်သားတချို့နဲ့ ရဲမေတွေက ခုခံတိုက်ခိုက်ခဲ့ကြပြီး အဲဒီအဖြစ် အပျက်မှာ အစိုးရတပ်မတော်ဘက်ကရော၊ ကေအိုင်အေဘက်ကပါ ထိခိုက်မှုတွေရှိခဲ့တယ်လို့ သိရပါတယ်။

ရှဒူးဇွပ်ရွာနယ်နိမိတ်ထဲကို လက်နက်ကြီးအပါအဝင် ကျည်ဆံ ၅ ခု ကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက် ဒဏ်ရာတွေတော့ မရရှိခဲ့ဘူးလို့ ရွာသားတွေက ပြောပါတယ်။

တိုက်ပွဲဖြစ်ရတဲ့ အခြေခံအကြောင်းရင်းတွေကို မသိရပေမယ့် အဲဒီ ခလရ ၂၉၇ တပ်က ရှေ့တန်းထွက်သွား တာကြောင့် လူအင်အားနည်းချိန်မှာ လာရောက်စီးနင်းတာ ဖြစ်နိုင်တယ်လို့ ရွာသားတွေက ခန့်မှန်းကြပါတယ်။

ဒီရက်ပိုင်းအတွင်း နမ္မတီးမြို့နဲ့ ၁၁ မိုင်အကွာ တနိုင်း-လီဒိုလမ်းပေါ်နဲ့ တနိုင်းဒေသပတ်ဝန်းကျင် တဝိုက်က ရွှေနဲ့ ပယင်းမှော်တွေဘက်မှာ တပ်မတော်နဲ့ ကေအိုင်အေအဖွဲ့တွေအကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့လည်း တနိုင်းမြို့ခံတွေက ပြောပါတယ်။ ဒီနေ့ညနေပိုင်းမှာ တနိုင်းမြို့နယ် မိုင်းခွန်မှော်ရွာက လူနေအိမ်တစ်လုံးပေါ်ကို လက်နက်ကြီး ကျရောက်ပေါက်ကွဲတာကြောင့် လူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ဒဏ်ရာပြင်းထန်တာကြောင့် တနိုင်းဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်လို့ သိရပါတယ်။

တနိုင်းဒေသက ရွှေနဲ့ ပယင်းအပါအဝင် နိုင်ငံတော်ရဲ့ သဘာဝသယံဇာတပစ္စည်းတွေ တရားမဝင် ထုတ်ယူတာတွေ ကို ကာကွယ်တားဆီးဖို့ အစိုးရတပ်မတော်က နယ်မြေရှင်းလင်းရေးတွေ ဆောင်ရွက်နေတယ်လို့ ကချင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သူရမျိုးတင်က RFA ကို ပြောထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။