တပ်မတော်နဲ့ KIA တိုက်ပွဲကြောင့် အရပ်သား ၂ ယောက် ဒဏ်ရာရ
2017.12.29

ကချင်ပြည်နယ် နမ္မတီးမြို့ရဲ့ အနောက်မြောက်ဘက် ၁၁ မိုင်အကွာ တနိုင်း-လီဒိုလမ်းမပေါ် ဒွန်ဘုံးခနဲ့ မရန်းကထောင်ရွာကြားမှာ ကေအိုင်အေတပ်ရင်း ၁၁ နဲ့ အစိုးရတပ်မတော်အကြား မနေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် အရပ်သား ၂ ဦး ထိခိုက်ဒါဏ်ရာရရှိခဲ့ပါတယ်။
တောင်သူလယ်သမားတွေရဲ့ သီးနှံစိုက်ပျိုးချိန်နဲ့ အခုလို သီးနှံရိတ်သိမ်းချိန်တွေမှာ တိုက်ပွဲဖြစ်လို့ လူထုတွေက ဒုက္ခရောက်နေရတယ်လို့ မနေ့က တိုက်ပွဲဖြစ်တဲ့နေရာက ဒဏ်ရာရသူတွေကို ကူညီဖို့ သွားရောက်ခဲ့တဲ့ နမ္မတီးမြို့ ကုသိုလ်ဖြစ်လူမှုကူညီရေးအသင်းရဲ့ ဥက္ကဋ္ဌ ဦးဝင်းဘို က ပြောပါတယ်။
"အရပ်သား နှစ်ယောက်ဒဏ်ရာရတာဟုတ်တယ်။ စိုက်ပျိုးချိန်နဲ့ ရိတ်သိမ်းချိန်က တိုက်ပွဲဖြစ်တဲ့စနစ်က ပုံမှန်လိုဖြစ်နေတော့ စိတ်လည်းမကောင်းဘူး၊ ဖြစ်နိုင်လို့ရှိရင်တော့ ငြိမ်းချမ်းရေးရအောင်ဆွေးနွေးပြီး ဒီတိုက်ပွဲတွေမဖြစ်ရင်တော့ ပိုကောင်းတာပေါ့၊ တောင်သူတွေက ဒုက္ခအဖြစ်ဆုံးပေါ့၊ တချို့နွားတွေစား ကျွဲတွေစား အကုန်လုံး၊ အများကြီး ပျက်စီးသွားပြီ၊ ဘယ်စိတ်ကောင်းပါ့မလဲ၊ အဲတာတွေက၊ တိုက်ပွဲဖြစ် လိုက်တဲ့ဥစ္စာ သူတို့အချင်းချင်းတော့ မပြောတတ်ဘူး၊ နောက်ဆုံးတော့ ကျနော်တို့ လူထုပဲ ကြားညှပ်နေ တာပေါ့၊ လုံးဝ မဖြစ်သင့်တဲ့ကိစ္စလို့ပဲ ကျနော်တို့ထင်တယ်လေ"
အဲဒီဒဏ်ရာရသူနှစ်ဦးကို မြစ်ကြီးနားဆေးရုံကို ကားကြုံနဲ့သယ်ဆောင်သွားပြီး လမ်းဘေးမှာ ကျန်နေရစ်ခဲ့တဲ့ ဆိုင်ကယ် ၁ စီးကိုတော့ နမ္မတီးကုသိုလ်ဖြစ် လူမှုကူညီရေးအသင်းမှာ ယာယီသိမ်းပေးထားပြီး အဆင်ပြေတဲ့အချိန် လာရောက်ယူနိုင်ကြောင်း အသိပေးထားတယ်လို့ သိရပါတယ်။
အခုရက်ပိုင်းအတွင်း တနိုင်းမြို့အနီးက ပယင်းမှော်တွေ တဝိုက်မှာလည်း တပ်မတော်နဲ့ ကေအိုင်အေ တပ်ဖွဲ့တွေ အကြား ထိတွေ့မှုတွေဖြစ်နေရာမှာ ဒီကနေ့မှာ လက်နက်ကြီး ပစ်ခတ်သံတွေနဲ့အတူ နှစ်ဖက်တိုက်ပွဲဖြစ်နေတယ် လို့ တနိုင်းမြို့ခံတဦးကပြောပါတယ်။
တနိုင်းဒေသက ရွှေနဲ့ ပယင်းအပါအဝင် နိုင်ငံတော်ရဲ့ သဘာဝ သယံဇာတပစ္စည်းတွေ တရားမဝင် ထုတ်ယူ တာတွေကို ကာကွယ်တားဆီးဖို့ အစိုးရတပ်မတော်က နယ်မြေရှင်းလင်းရေးတွေ ဆောင်ရွက်နေတယ်လို့ ကချင်ပြည်နယ်လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သူရမျိုးတင် က RFA ကို မနေ့က ပြောဆိုထား ပါတယ်။