ရွေးကောက်ပွဲရလဒ်နဲ့ ပတ်သက်ပြီး ဖြေရှင်းဖို့ တပ်မတော် တောင်းဆို

သီဟထွန်း၊ သက်စုအောင်
2021.01.21

ရွေးကောက်ပွဲရလဒ်ကို သံသယကင်းစွာ အသိအမှတ်ပြုဖို့နဲ့ နိုင်ငံရေးအကျပ်အတည်းကို ကျော်လွှားနိုင်ဖို့ အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ အစိုးရနဲ့ လွှတ်တော်ကနေ နည်းလမ်းရှာ ဖြေရှင်းပေးဖို့ တပ်မတော်က ဇန်နဝါရီလ ၂၀ ရက် မနေ့က ကြေညာချက်ထုတ်ပြီး တောင်းဆိုလိုက်ပါတယ်။

တပ်မတော်ဟာ ၂၀၀၈ ဖွဲ့စည်းပုံကို ကာကွယ်ထိန်းသိမ်းဖို့ တာဝန်ရှိတာကြောင့် ဖွဲ့စည်းပုံအရ လွတ်လပ် မျှတတဲ့ ရွေးကောက်ပွဲဖြစ်စေဖို့ ဆောင်ရွက်နေရတာလို့ ဖေါ်ပြထားတဲ့အတွက်၊ ဒါဟာ အာဏာသိမ်းဖို့ ခြိမ်းခြောက်တဲ့ သဘောလားဆိုပြီး လူထုအကြား စိုးရိမ်ပူပန်နေပါတယ်။

အာဏာရပါတီ NLD ဘက်ကတော့ ဥပဒေအတိုင်း လိုက်နာဆောင်ရွက်ပြီး ဆက်လုပ်မယ်ဆိုရင် စိုးရိမ်စရာ မရှိဘူးလို့ တုံ့ပြန်ပါတယ်။

ဇန်နဝါရီလ ၂၀ ရက် မနေ့ညပိုင်းက ထုတ်ပြန်တဲ့ တပ်မတော်ကြေညာချက်မှာ၊ မြို့နယ် ၃၁၄ ခုက မဲစာရင်းတွေကို ပြန်လည်စိစစ်နေပြီး မဲမသမာမှုဖြစ်နိုင်တဲ့ မဲစာရင်း ၇၆၂၃၇၂၅ ကို တွေ့ရှိရကြောင်း ဖေါ်ပြထားတယ်။

ဒါကြောင့် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို သံသယကင်းစွာလက်ခံနိုင်ဖို့နဲ့ လက်ရှိကြုံတွေ့နေရတဲ့ နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းနိုင်ဖို့အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ အစိုးရ၊ လွှတ်တော် တစ်ခုခုကနေ နိုင်ငံသားတွေရဲ့အကျိုးကို ရှေးရှုပြီး နည်းလမ်းရှာဖြေရှင်းပေးဖို့ တပ်မတော်က တောင်းဆို ထားပါတယ်။

ဒီကိစ္စ အသေးစိတ်သိနိုင်ဖို့အတွက် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က အကြိမ်ကြိမ် ဖုန်းခေါ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

တပ်မတော်ရဲ့ တောင်းဆိုချက်နဲ့ ပတ်သက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ အစိုးရရဲ့ သဘောထား သိနိုင်ဖို့အတွက် စာနဲ့ရော ဖုန်းနဲ့ပါ ဆက်သွယ်မေးမြန်းခဲ့ပေမယ့်လည်း တုံ့ပြန်ဖြေကြားတာမျိုး မရှိပါဘူး။

NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က တပ်မတော်ရဲ့ စွပ်စွဲချက်တွေဟာ တိကျတဲ့အထောက် အထားမရှိသလို၊ ဥပဒေအတိုင်း လိုက်နာဆောင်ရွက်ပြီး ဆက်လုပ်မယ်ဆိုရင် စိုးရိမ်စရာ မရှိဘူးလို့ ပြောပါ တယ်။

"အဲတော့ သူတို့ရဲ့ စွပ်စွဲချက်တွေကလည်း တိကျတဲ့ အထောက်အထားတွေ မရှိဘူးလို့ ကျနော်တို့က မြင်ပါတယ်၊ ဥပမာအားဖြင့် မဲမသာမှုဖြစ်နိုင်သော ဆိုတာ မဲမသမာမှု ဘယ်သူကလုပ်ခဲ့တယ်၊ ဘယ်နေရာ မှာလုပ်ခဲ့တယ်၊ ဘယ်ပြစ်မှုနဲ့ ငြိစွန်းတယ်ဆိုတာမျိုးတွေ မပါပါဘူး၊ အဲတော့ ဘယ်လိုဖြေရှင်းရမလဲ၊ ဘယ် သူကျူးလွန်မှန်းမသိတဲ့ ဘယ်လိုပြစ်မှုကို ကျူးလွန်မှန်းမသိဘဲနဲ့ ဘယ်လိုဖြေရှင်းမှုမျိုးမှ လုပ်လို့မရပါဘူး၊ ကျတော်တို့ကတော့ ဥပဒေနဲ့အညီပဲ ဆက်လက်ပြီးဆောင်ရွက်နေပါတယ်၊ ဥပဒေနဲ့အညီလုပ်မယ်ဆိုရင် တော့ ကျနော်တို့ စိုးရိမ်စရာ မရှိပါဘူး၊ ဥပဒေကိုကျော်လွန်ပြီးလုပ်မယ်ဆိုရင်တော့ ဒါလုပ်တဲ့သူရဲ့ သဘော ထားအတိုင်းပဲ ဖြစ်ပါတယ်ခင်ဗျ။"

တပ်မတော်ရဲ့  ထုတ်ပြန်ချက်မှာ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀၊ ပုဒ်မခွဲ ( င) အရ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မူ မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် အဓိကတာဝန်ရှိ သလို၊ ပုဒ်မခွဲ ( စ) အရ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ဖို့ တပ်မတော်မှာ အဓိကတာဝန်ရှိတဲ့အတွက် လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်စေရေးကို ထိန်းသိမ်းဆောင်ရွက်နေတာလို့ ဖေါ်ပြထားပါတယ်။

ဖွဲ့စည်းပုံ အခြေခံဥပဒေကို အဓိက ကာကွယ်စောင့်ရှောက်ဖို့ တာဝန်ရှိတယ်ဆိုတဲ့အချက်ကို ကိုးကားပြီး တပ်မတော်က ပြောဆိုလာတဲ့အတွက် ပြည်သူတချို့ကြားမှာ တပ်မတော်က အာဏာသိမ်းဖို့ ခြေလှမ်းပြင်တဲ့ ခြိမ်းခြာက်တဲ့သဘောလားဆိုတဲ့ စိုးရိမ်ပူပန်တွေ ထွက်ပေါ်လာပါတယ်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း ၁၁ မှာပါတဲ့ အရေးပေါ်ကာလဆိုင်ရာ ပြဌာန်းချက်များ အခန်းမှာ တိုင်းပြည် အရေးပေါ် အခြေအနေ ပေါ်ပေါက်လာရင် သမ္မတက အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ( ကာလုံ)နဲ့ ညှိုနှိုင်းပြီး ဥပဒေကဲ့သို့ အာဏာတည်တဲ့ အမိန့်ထုတ်ပြန်ပြီး အရေးပေါ် အခြေအနေ ကြေညာနိုင်တယ်လို့ ဖော်ပြထားပါတယ်။

အရေးပေါ်ကာလဆိုင်ရာ ပြဌာန်းချက်များမှာ ဖော်ပြထားချက်အရ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က တိုင်းပြည်ရဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့ တရားစီရင်ရေး အာဏာအားလုံးကို ချုပ်ကိုင်ခွင့်ရမှာဖြစ်ပါတယ်။

တပ်မတော်က နိုင်ငံတော်အာဏာကို ယာယီထိန်းသိမ်းတာဖြစ်စေ၊ အာဏာသိမ်းတာဖြစ်စေ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက ပျက်သွားမှာဖြစ်တယ်လို့ ဥပဒေပညာရှင်တွေနဲ့ နိုင်ငံရေးလေ့လာသူတွေက ပြောပါတယ်။

ဥပဒေအရ ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ ခေါ်ဖို့ တပ်မတော်က တိုက်တွန်းတဲ့အဆင့်အထိ ရောက်လာ နိုင်ပြီး မှန်ကန်တဲ့ ဖြေရှင်းမှုတွေ မလုပ်ရင် နိုင်ငံရေး တင်းမာမှု အကျပ်အတည်းဖြစ်နိုင်တယ်လို့ နိုင်ငံရေး လေ့လာသူ ဦးအောင်သူငြိမ်းက သုံးသပ်ပါတယ်။

"ရွေးကောက်ပွဲကော်မရှင်က အခုဟာပါးစပ်ပိတ်ပြီး တုံဏှိဘာဝေနေတဲ့ပုံစံမျိုးပေါ့နော် နောက်တစ်ခါ အစိုးရကိုယ်တိုင်လည်း အလားတူပဲ ရှင်းလင်းစရာမလိုဘူးဆိုတဲ့ ပုံစံမျိုးဆိုတော့ ကျနော်ထင်တယ်၊ ဒါကြောင့်မို့လို အခုလို ပိုပြီးတော့ တင်းမာလာတယ်လို့ထင်ပါတယ်၊ ဆိုတော့ အချက်အလက်နဲ့ သေချာ ရှင်းလိုက်လို့ရှိရင်လည်း ဒီကိစ္စက နောက်ထပ်တစ်မျိုးတစ်ဖုံ ပြောင်းသွားနိုင်တယ်လို့ ထင်တယ်ဗျ၊ ဥပဒေကြောင်းအရဆိုရင်တော့ ဒီလွှတ်တော်ခေါ်ခိုင်းတယ်၊ ခေါ်တဲ့ဟာလည်း မခေါ်ပေးဘူးပေါ့နော် ဆိုတော့ အဲဒါဆိုလိုရှိရင် နောက်တစ်ခုကျန်သေးတာကတော့ ဒီကာလုံပေါ့၊ နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ ဆိုတော့ အဲဒီအစည်းအဝေးပေါ့၊ ဒါလည်း ခေါ်ခိုင်းတာတွေ ဖြစ်လာနိုင်သေးတယ် လို့ထင်တယ် ဆိုတော့ အဲလိုမှ မဟုတ်ဘူးဆိုရင်တော့ ကျနော်ထင်တယ်၊ တင်းမာမှုပေါ့နော် တစ်ဖက်နဲ့ တစ်ဖက်နည်းနည်းတင်းမာမှု အကျပ်အတည်းဘက်ကို ရောက်သွားနိုင်တယ်လို့ ထင်တယ်ဗျ"

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က တစ်စုံတစ်ရာ မဖြေရှင်းတဲ့အတွက် ကျန်ရှိနေတဲ့ လွှတ်တော် သက်တမ်းအတွင်း အထူးအစည်းအဝေးခေါ်ယူ ကျင်းပနိုင်ဖို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက လွှတ်တော် ကိုယ်စား လှယ်တွေ ဦးဆောင်ပြီး တပ်မတော်သားကိုယ်စားလှယ်တွေနဲ့ စုပေါင်းတောင်းဆိုခဲ့ပေမယ့် ပြည်ထောင်စု လွှတ်တော်က ငြင်းပယ်ခဲ့တယ်လို့ တပ်မတော်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ တောင်းဆိုတဲ့ အထူးအစည်းအဝေး ခေါ်ဖို့ ငြင်းပယ်ခဲ့တာက လွှတ်တော် ဥပဒေတွေ အတိုင်းသာဖြစ်တယ်လို့ ပြည်ထောင်စုလွှတ်တော် ညွှန်ကြားရေး မှူးချုပ် ဦးကျော်စိုးက ပြောပါတယ်။

"ကျနော်တို့ကတော့ ဒီပေါ်မှာ ဘာမှ သီးခြားပြောစရာမရှိပါဘူးဗျ၊ ဘာလို့လဲဆိုတော့ ကျနော်တို့က ကျနော်တို့အပိုင်းဆောင်ရွက်မယ့် အစီအစဉ်တွေက ထုတ်ပြန်စရာရှိတာ ထုတ်ပြန်ကြေညာစရာရှိတာ ကြေညာထားပြီးသားပဲလေ၊ အဲဒါကလည်း ကျနော်တို့ကတော့ အားလုံးညွှန်းဆိုထားတာကိုက အဲမှာ ကျတော်တို့ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ လွှတ်တော်ဆိုင်ရာဥပဒေ နည်းဥပဒေတွေကို ညွှန်းဆိုပြီးတော့ပဲ ဒီဟာတွေကို ထုတ်ပြန်ပြီးတော့မှ သူရဲ့ လုပ်ငန်းစဉ်အတိုင်းပဲ သူ့အချိန်နဲ့သူ ဆောင်ရွက်နေတာဖြစ်တဲ့ အတွက် လက်ရှိက အဲဒီအတိုင်းပါပဲ"

မဲစာရင်းတွေနဲ့ ပတ်သက်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က မှားတယ်၊ မှန်တယ်ဆိုတာကို ဖြေရှင်းပေးဖို့ ရည်ရွယ်ချက်ပဲရှိပြီး UEC ရဲ့ ဆုံးဖြတ်ချက်တွေက အပြီးအပြတ်အတည်ဖြစ်တယ်ဆိုရုံမျှနဲ့ လုံလောက်မှာ မဟုတ်ဘူးလို့လည်း တပ်မတော်က သတိပေးထားပါတယ်။

သံသယဖြစ်နိုင်တဲ့ မဲစာရင်းမှားယွင်းမူတွေကို အစိုးရနဲ့ UEC က မှန်မှန်ကန်ကန်ဖြေရှင်းပေးရင် နိုင်ငံရေး အကျပ်အတည်းတွေကို ကျော်လွှားနိုင်မယ်လို့ ယူဆကြောင်း ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ နန္ဒာလှမြင့်က ပြောပါတယ်။

"ဒီမဲစာရင်းတွေကို မှန်မှန်ကန်ကန်ဖြစ်အောင် တာဝန်ယူဆောင်ရွက်ပေးပါ၊ တာဝန်ယူမှု တာဝန်ခံမှုရှိရှိ ဆောင်ရွက်ပေးပါလို့ ကျနော်တို့ကတောင်းဆိုတာ၊ ဒါကိုဆောင်ရွက်ပေးလိုက်ရင် အဖြေတစ်ခု မှန်မှန် ကန်ကန်ထွက်သွားရင် ဒီကိစ္စတွေအားလုံးက ပြီးသွားမှာ၊ အဲလိုတောင်းဆိုတာကို ဂရုမပြုအလေး မထားဘဲနဲ့ ဒီ ငါတို့လုပ်တာမှန်တယ်ဆိုတဲ့ဟာပေါ်မှာလည်း ရပ်တည်ပြီးတော့မှ ဇွတ်တိုးလာတဲ့အတွက် ဒီလိုအကျပ်အတည်းတွေ ဖြစ်လာတယ်လို့ မြင်တယ်၊ ဒါကြောင့် UEC က တာဝန်ယူဖြေရှင်းပေးလိုက်ရင် ဒီကိစ္စတွေ ပြီးသွားမယ်၊ UEC က တာဝန်ယူမဖြေရှင်းဘူးဆိုရင် တာဝန်ရှိတဲ့ ယူအီးစီကို တာဝန်ခံရတဲ့ နိုင်ငံတော်သမ္မတက ဖြေရှင်းပေးလိုက်ရင် ဒီကိစ္စတွေဟာ အတိုင်းအတာတစ်ခု ပြေလည်သွားလိမ့်မယ်လို့ ကျနော်က ဒီလိုပဲ မြင်ပါတယ်ခင်ဗျ"

တိုင်းပြည်အကျိုးကို ရှေးရှုပြီး တပ်မတော်ရဲ့ သတိပေးချက်အပေါ်  အစိုးရဘက်က လျော့မတွက်ဖို့ တပ်မတော်မှာ အရာရှိအဆင့်အထိ တာဝန်ထမ်းဆောင်ဖူးတဲ့ နိုင်ငံရေး လေ့လာသူ ဒေါက်တာ အောင်မျိုးက ပြောပါတယ်။

"အဲဒီ တပ်မတော်ဘက်က လုပ်နိုင်တဲ့ ပါဝါနဲ့ စွမ်းရည်ကို အထင်သေးပြီးတော့ လျော့တွက်ပြီးတော့ ဖြစ်ချင်ရာဖြစ် ဂရုမစိုက်ဘူး၊ ငါတို့လုပ်မယ်ဆိုတဲ့ အနေအထားမျိုးတွေကိုတော့ ဒီအစိုးရဘက်ကနေ မလုပ်စေချင်ဘူး၊ လုပ်လာလို့ရှိရင် တိုင်းပြည်အတွက်ပေါ့နော်၊ မကောင်းတဲ့ဖြစ်ရပ်တွေ ပေါ်လာလို့ရှိရင် တိုင်းပြည်နစ်နာမယ်ဆိုတာကို ကျနော် အဲဒါလေးကို သွားပြီးတွေ့တယ်၊ အခုကတော့ တပ်ကတော့ သူက ဥပဒေနည်းလမ်းတကျ သူကတော့ ဥပဒေအတိုင်း သွားနေတယ်ပေါ့နော်၊ အဲဒါကို Warning (သတိပေး) လာပြီလို့ ကျနော်ကတော့ ပြောချင်တယ်"

NLD ပါတီ ဗဟိုဥပဒေ အထောက်အကူပြုအဖွဲ့ဝင်လည်းဖြစ်၊ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ကိုယ်စား လှယ်တစ်ဦးလည်းဖြစ်တဲ့ ဦးအောင်သိန်းကတော့ အာဏာသိမ်းလိုက်ရင် ဖြစ်ပေါ်လာမယ့် အကျိုးဆက်ကို တပ်မတော်ဘက်ကလည်း ခန့်မှန်းထားပြီးဖြစ်နိုင်လို့ စိုးရိမ်စိတ်တွေ မထားကြဖို့ ပြောပါတယ်။

"ခေတ်က ပြောင်းလဲနေတယ်ဆိုတာ တပ်မတော်ကလည်း သိပါတယ်၊ အဲလို အာဏာသိမ်းဖို့ ပြုဖို့ ရည်ရွယ် လာရင် သူတို့လည်း ဘယ်လို အခြေအနေမျိုးတွေ ရောက်ရှိသွားနိုင်လည်း ဆိုတာလည်း သူတို့လည်း မှန်း ဆထားပြီးသားဖြစ်ပါတယ်၊ ဘာပဲပြောပြော ကျနော်တို့ အိမ်နီးချင်းနိုင်ငံက တရုတ်ပြည်ဘက်က တာဝန် ရှိပုဂ္ဂိုလ်ကိုယ်တိုင်က ရွေးကောက်ပွဲအောင်ပွဲကို ရွေးကောက်ပွဲရဲ့ ဖြစ်တည်မှုကို လက်ခံအတည်ပြုတယ် ဆိုတဲ့ သဘောသက်ရောက်တဲ့ အသုံးအနှုန်းတွေ လူကိုယ်တိုင် လာရောက်ပြီးတော့ ပြောဆိုသွားတာတွေ လည်း ဒါကျနော်တို့ ဗမာပြည်တစ်ပြည်လုံးမကဘူး ကမ္ဘာက သိနေတဲ့အချက်တွေ၊ စိုးရိမ်စိတ်တွေ အဲလောက်ထားစရာမလိုဘူးလို့ပဲ ကျနော်အဲလိုပဲ သုံးသပ်ချင်ပါတယ်"

တပ်မတော်က မဲစာရင်း စိစစ်တွေ့ရှိချက်တွေကို ထုတ်ပြန်နေတာဟာ လွတ်လပ်တရားမျှတပြီး ပွင့်လင်းမြင်သာမူရှိတဲ့ ရွေးကောက်ပွဲ မဲရလဒ်ကို သံသယကင်းကင်းနဲ့ အသိအမှတ်ပြုလိုတဲ့အတွက်လို့ ဆိုပါတယ်။

တပ်မတော်ကထုတ်ပြန်ထားသလို မဲစာရင်းရလဒ်ကို မှန်မှန်ကန်ကန်ဖြစ်စေဖို့အတွက် ရည်ရွယ်ချက်နဲ့ ဆောင်ရွက်နေတာလား၊ တခြားဘယ်လိုရည်ရွယ်ချက်တွေ ရှိသလဲဆိုတာနဲ့ ဖွဲ့စည်ပုံ အခြေခံဥပဒေမှာ ပြဌာန်းထားချက်တွေအရ တပ်မတော်ဘက်က ဘယ်အတိုင်းအတာအထိ ဆက်လုပ်သွားမယ်ဆိုတာကတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။