တိုက်လေယာဉ်ပျက်ကျစဉ်မှာ ကျန်ရှိခဲ့တဲ့ ဗုံးသီးကို ဖောက်ခွဲရှင်းလင်း
2019.02.01

မကွေးလေတပ်စခန်းက တိုက်လေယာဉ် ၂ စီး ပြီးခဲ့တဲ့ အောက်တိုဘာလက လေ့ကျင့်ရင်းပျက်ကျခဲ့စဉ်မှာ ကျခဲ့တဲ့ ဗုံးသီးကိုတွေ့ရှိတာကြောင့် မကွေးလေတပ်က ဒီနေ့မှာ လာရောက်ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း ဖောက်ခွဲရေးလုပ်ငန်း မှာပါဝင်တဲ့ အရာရှိတစ်ဦးက ပြောပါတယ်။
ဒီနေ့ ဖောက်ခွဲလိုက်တဲ့ဗုံးဟာ တိုက်လေယာဉ်မှာ တပ်ဆင်အသုံးပြုတဲ့ ပဲထိန်းဒုံးကျည်ဖြစ်ပြီး မကွေးလေတပ် စခန်းကဌာနချုပ်က အုပ်ချုပ်ရေးအာဏာပိုင်တွေကို အကြောင်းကြားခဲ့တယ်လို့ သိရပါတယ်။
အဲဒီဗုံးသီးကို ဇန်နဝါရီလ ၃၁ ရက်နေ့က ဆိတ်ကျောင်းနေသူတစ်ဦးက တွေ့ရှိခဲ့တာဖြစ်ပြီး ဒေသဆိုင်ရာ အာဏာပိုင်တွေကို အကြောင်းကြားခဲ့တာဖြစ်ပါတယ်။
၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့မှာ မကွေးလေတပ်စခန်းက တိုက်လေယာဉ် ၂ စီး ပျက်ကျမှုကြောင့် တိုက်လေယာဉ်မောင်း ၂ ဦး သေဆုံးခဲ့ပြီး ၁၀ နှစ်အရွယ်ကလေးငယ် တစ်ဦး လေယာဉ်ပျက်ကျတဲ့ အစိတ်အပိုင်းထိမှန် သေဆုံးခဲ့ရပါတယ်။
အဲဒီပျက်ကျခဲ့တဲ့ လေယာဉ်ဟာ တရုတ်နိုင်ငံထုတ် F7 တိုက်လေယာဉ်အမျိုးအစားဖြစ်ပြီး မင်းဘူးမြို့ ထပ်ဆင့် အသံလွှင့်စက်ရုံက တာဝါတိုင်ကို တိုက်မိပြီး တာဝါတိုင်အနီး၊ ဆားပွက်ချောင်းတံတားအနီးမှာ တစ်စီးပျက်ကျခဲ့ တာဖြစ်ကာ ကျန်တဲ့တစ်စင်းကတော့ စကုမြို့ သနပ်ပင်ကျေးရွာအနီးမှာ ပျက်ကျခဲ့တာဖြစ်ပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ဦးဇော်တူး ပေးပို့တာပါ။